ဦးပြုံးချို ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒု-ရဲမှူးကြီးကျော်ဇေယျာ၊ ဒု-ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး၊ ဦးစီးအရာရှိ ဦးမျိုးခိုင်၊ မြေပိုင်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ ဦးကျော်နိုင်စိုးနှင့် ဗိုလ်ကြီးနေမျိုးထွန်း(ငြိမ်း)တို့အပေါ် အရေးယူဆောင်ရွက်မှု

  • Tue, 25 July 2017

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် ရန်ကင်းမြို့နယ်နေ နစ်နာသူတို့က နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့် စက်မှုဝန်ကြီးဌာန မြေအမည်ပေါက်ကိစ္စနှင့် ပတ်သက်၍ ရောင်းချသူမြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိလိုက်စားပြီး နှောက်ယှက်ဟန့်တား ခြိမ်းခြောက်မှုအပေါ် အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ဦးပြုံးချို ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယခင် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန)သည် ရာထူးတာဝန်ကို အကြောင်းပြုကာ ကိုယ်ကျိုးစီးပွား အတွက် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒုတိယရဲမှူးကြီးကျော်ဇေယျာ(ရဲ ၁၉၂၇) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (ယခင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး)၊ ဦးစီးအရာရှိ ဦးမျိုးခိုင် (ပ/၄၂၃၂) စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယခင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး)၊ မြေပိုင်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ ဦးကျော်နိုင်စိုးနှင့် ဗိုလ်ကြီးနေမျိုးထွန်း(ငြိမ်း) တို့သည် လုပ်ပိုင်ခွင့်အာဏာရှိသူ ဦးပြုံးချိုက ရာထူးတာဝန်အား အလွဲသုံးစားပြုခြင်း ဖြစ်သည်ကို သိလျက်နှင့် လိုက်ပါကူညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၎င်းတို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ ယင်းကိစ္စတွင် အလားတူ သိလျက်နှင့် လိုက်ပါကူညီပူးပေါင်းဆောင်ရွက်ခဲ့သူ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး(ပ/၅၄၀၇)၊ မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ယခင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး)သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင်လ (၂၅)ရက်နေ့က တရားစွဲဆို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်ကြည်နိုင် (စ/၁၄၄၃)သည် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် ဆောင်ရွက်ရန် မသင့်သော ကိစ္စအား ဖောက်ဖျက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ