နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ခင်မောင်ညိုနှင့် မြို့နယ်ဥပဒေ အရာရှိ ဦးကျော်သူယျာဝင်းတို့အပေါ် တိုင်ကြားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူဆောင်ရွက်ထားမှု အခြေအနေ

  • Fri, 28 April 2017

    နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ နစ်နာသူက မော်တော်ယာဉ် ရောင်းမှား/ဝယ်မှားကိစ္စနှင့်စပ်လျဉ်း၍ လာဘ်ငွေအသီးသီး ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ပြည်သူ့လွှတ်တော်၊ တရား စီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ တိုင်ကြားခဲ့ခြင်းအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

    လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိရဲစခန်း (ပ)၂၁၆/၂၀၁၆ အမှုတွင် အမှုစစ်ရဲအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည့် အမှတ်(၁)မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ခင်မောင်ညို (လ ၂၁၆၄၀၆)သည် အမှုနှင့်ပတ်သက်၍ နစ်နာသူထံမှ ငွေကျပ် ခြောက်သိန်းကိုးသောင်းကို တောင်းခံရယူခဲ့ခြင်းသည် လုပ်ပိုင်ခွင့်အာဏာ မရှိသော်လည်း ၎င်း၏အလုပ်တာဝန်ကို ဆောင်ရွက်စဉ် အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ဧပြီလ(၂၄)ရက်နေ့က လည်းကောင်း၊ (ပ)၂၁၆/၂၀၁၆ အမှုတွင် ဇမ္ဗူသီရိမြို့နယ်ဥပဒေအရာရှိ ဦးကျော်သူယျာဝင်း (ဥ ၂၇၂၀)သည် တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပြုပြန်ကြားရန် ဆောင်ရွက်ရာ၌ အမှုနှင့်ပတ်သက်၍ နစ်နာသူထံမှ ငွေကျပ် သိန်း ၂၀ ကို တောင်းခံရယူခဲ့ခြင်းသည် မြို့နယ်ဥပဒေအရာရှိတစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဧပြီလ(၂၇)ရက်နေ့ကလည်းကောင်း တရားစွဲဆို အရေးယူဆောင်ရွက် ခဲ့ပါသည်။

    နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ ဥပဒေရုံးမှ အကြီးတန်းစာရေး ဒေါ်ချယ်ရီအေးသည် မြို့နယ်ဥပဒေအရာရှိ ဦးကျော်သူယျာဝင်း၏ စေခိုင်းမှုအရ ဇမ္ဗူသီရိမြို့နယ် ရဲစခန်း (ပ)၂၁၆/၂၀၁၆ အမှုမှ တရားခံ၏သားမက်ဖြစ်သူက မြို့နယ်ဥပဒေအရာရှိ ဦးကျော်သူယျာဝင်းထံ လာပေးသည့် ငွေကျပ် သိန်း ၂၀ ကို လက်ခံရယူပြီး ဦးကျော်သူယျာဝင်းကို ပေးခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် ဆောင်ရွက်ရန် မသင့်သောကိစ္စအား ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက် ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ)အရ အရေးယူရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ