မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်)အပေါ် တိုင်ကြားသည့်ကိစ္စ နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေ

  • Fri, 24 February 2017

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်)အား အရေးယူပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့  လွှဲပြောင်းပေးပို့ခဲ့ပါသည်။

လွှဲပြောင်းတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်) သည် နေ့စား(လပေး) ဆရာ၊ ဆရာမများ ခန့်ထားရေး ကိစ္စတွင် သက်ဆိုင်သူများထံမှ စုစုပေါင်းငွေကျပ် ၁၃၆၀၀၀၀ိ/- (ကျပ်တစ်ဆယ့်သုံးသိန်းခြောက်သောင်းတိတိ) ကို ရယူခဲ့ကြောင်း၊ ငွေကြေးများ ရယူချိန်၌ မြို့သစ်မြို့နယ်ပညာရေးမှူး ဖြစ်သဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုအရေးယူရန် ဆောင်ရွက်ခဲ့ရာ မြို့သစ်မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်) မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၃-၂-၂၀၁၇ ရက်နေ့၌ ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ အရေးယူဆောင်ရွက်လျက်ရှိပြီး ငွေကြေးများပေးအပ်ရာတွင် ကူညီဆောင်ရွက်ခဲ့ကြသည့် ဆရာမဒေါ်ကြူကြူ၊ ဆရာ ဦးအောင်ဆန်းဦး၊ ဆရာမ ဒေါ်ခင်ထွေးဦးနှင့် ဆရာ ဦးစိုးတင့်တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၀(ခ) အရ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နှင့်အညီ အရေးယူရန် ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး ဖြစ်ပါသည်။

ဆက်စပ် သတင်းများ