တရားမဝင်ငွေကြေးတောင်းခံခဲ့သည့် နေပြည်တော် ကောင်စီ၊ တပ်ကုန်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ တောအုပ် ဦးကျော်အေးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူခြင်း

  • Thu, 16 February 2017

    နေပြည်တော်ကောင်စီ၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းနိုင်ဝင်း၊ ရုံးအုပ်ဒေါ်စန်းစန်းဦးနှင့် တောအုပ်ဦးကျော်အေးတို့က မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းစက်မှ တရားဝင်ဝယ်ယူရရှိထားသည့် ကညင်သစ်လုံး(၈၄)လုံး (၈၆.၀၆၀)တန်အတွက် မျှောစာထုတ်ယူရာတွင် တရားမဝင် ငွေကြေးတောင်းခံခဲ့သဖြင့် အရေးယူပေးပါရန် နစ်နာသူမှတိုင်ကြားခြင်းအား ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။

    တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းနိုင်ဝင်းနှင့် ရုံးအုပ်ဒေါ်စန်းစန်းဦးတို့သည် ငွေကြေးတစ်စုံတစ်ရာ ရယူခဲ့ကြောင်း ထင်ရှားပေါ်ပေါက်ခြင်းမရှိသော်လည်း ငွေကြေးကိစ္စများတွင် ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၄င်းတို့(၂)ဦးအား ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၃၀(ခ)အရ ဝန်ထမ်း စည်းမဉ်းစည်းကမ်းနှင့်အညီ အရေးယူရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီး တောအုပ်ဦးကျော်အေးသည် ငွေကျပ် ၈သောင်းရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၇အရ နေပြည်တော်ကောင်စီ၊ တပ်ကုန်းမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့က တရားစွဲဆိုအရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

ဆက်စပ် သတင်းများ