အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲဆိုခံရသည့် သထုံခရိုင်၊ မူးယစ်အထူးတပ်ဖွဲ့ မှ တာဝန်ခံဟောင်း ဒုတိယရဲအုပ် သန်းဇော်ကို စီရင်ချက်အမိန့်ချမှတ်ခြင်း

  • Fri, 20 January 2017

မွန်ပြည်နယ်၊ သထုံခရိုင်၊ မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ခံဟောင်း ဒုတိယရဲအုပ် သန်းဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် တရားစွဲတင်ပို့ခဲ့ရာ မွန်ပြည်နယ်တရားလွှတ်တော်က ရာဇဝတ်ကြီးမှုအမှတ် (၁/၂၀၁၆)ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၃ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အမှုဖြစ်စဉ်မှာ ဒုတိယရဲအုပ် သန်းဇော်သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ မူးယစ်အထူးတပ်ဖွဲ့တွင် တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၁ဖြင့် ကျိုက်ထိုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခံနေရသူ မောင်သော်ဇင်၏ အမှုအတွက် ၎င်း၏ မိဘများထံမှငွေကျပ် သိန်း(၂၀)ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့တွင် လည်းကောင်း  ငွေကျပ်(၃)သိန်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် လည်းကောင်း တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တရားခံ ဒုတိယရဲအုပ် သန်းဇော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ တွင် ကျိုက်ထို မြို့မရဲစခန်း၌ (ပ) ၂၇၃/၂၀၁၄ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ က မွန်ပြည်နယ် တရားလွှတ်တော်သို့ တရားခံပြေးမှုဖြင့် တရားစွဲတင်ပို့ခဲ့ပါသည်။

တရားခံပြေး ဒုတိယရဲအုပ် သန်းဇော်အား ကရင်ပြည်နယ် သင်္ဃန်းညီနောင်၌ မူးယစ်ဆေးဝါး များနှင့်အတူ ၂၀၁၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး မော်လမြိုင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် မွန်ပြည်နယ် တရားလွှတ်တော်တွင် တရားစွဲဆိုအရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

ဆက်စပ် သတင်းများ