အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဝန်ထမ်းသစ်များ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

  • Mon, 5 November 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဝန်ထမ်းသစ်များ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်


၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၉:ဝဝ)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ ကော်မရှင်သို့ ပြောင်းရွှေ့လာသော ဝန်ထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေး အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၈)သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ် ရာ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ(၈၂)ဦး၊ စုစုပေါင်း (၁၃၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာ၌ ဝန်ကြီးဌာနအသီးသီးမှ ကော်မရှင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဝန်ထမ်းများအား သင်တန်းကာလ (၅)ပတ်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးခဲ့ကြောင်း၊ ကော်မရှင်သည် အဂတိ လိုက်စားမှုနှင့် စပ်လျဉ်း၍ အများပြည်သူတို့၏ နစ်နာမှုများကို ဥပဒေနှင့်အညီ အမှန်တရားနှင့် တရားမျှတမှုကို ပြန်လည်ရရှိအောင် စောင့်ကြည့် စီမံခန့်ခွဲပေးရသော အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကော်မရှင် ရည်ရွယ်ချက်(၆)ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဒုတိယအချက်ဖြစ်သည့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက် သည် အရေးကြီးသော ရယ်ရွယ်ချက် ဖြစ်ပါကြောင်း၊ သန့်ရှင်းသော အစိုးရဆိုသည်မှာ အဂတိ ကင်းသော အစိုးရပင်ဖြစ်ပါကြောင်း၊ အဂတိကင်းအောင် လုပ်ရသော အလုပ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ထွန်းလာအောင် လုပ်ရသော အလုပ်တာဝန်တို့မှာ တစ်ခုနှင့်တစ်ခု မတိမ်းမယိမ်း တူညီမှုရှိကြောင်း၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ ပြည်သူလူထု ပါဝင်မှု၊ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမှုတို့တွင် အတူတူ ပင်ဖြစ်ကြောင်း၊

ထို့ကြောင့် ဝန်ထမ်းအားလုံးသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာတွင် အခြားသူများထက် ပိုမိုစောင့်ထိန်း လိုက်နာဖို့လိုကြောင်း၊ ကော်မရှင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်ကို ရေးဆွဲထားပြီးဖြစ်ရာ ကျင့်ဝတ်တွင် အခြေခံအချက် (၆)ချက် ရှိပါကြောင်း၊ အခြေခံအချက်(၆)ချက်အနက် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု၊ မျှတမှုတို့ သည် ဝန်ထမ်းတစ်ဦးကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ရေးနှင့် သက်ဆိုင်ကြောင်း၊ ကျန်တဲ့ အချက်(၃)ချက်ဖြစ်သည့် လွပ်လပ်စွာဆောင်ရွက်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှု တို့မှာ ကော်မရှင်အဖွဲ့အစည်းနှင့် ပိုမိုသက်ဆိုင်ကြောင်း၊ အထူးသဖြင့် အသစ်ရောက်လာသော ဝန်ထမ်းများအနေနဲ့ ကော်မရှင်မှာ တာဝန်ထမ်းဆောင်ချိန်မှစ၍ ကော်မရှင်၏ ကျင့်ဝတ်နှင့်အညီ မဖြစ်မနေ လိုက်နာရမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုပြစ်မှုသည် အခြားပြစ်မှုများနှင့် မတူဘဲ ကြိုတင်စီစဉ် တွက်ချက်ပြီးမှ ကျူးလွန်သော ပြစ်မှုအမျိုးအစား ဖြစ်သည့်အပြင် ဆရာမွေး၊ တပည့်မွေး အလေ့အကျင့်များနှင့် ပေါင်းစပ်၍ အုပ်စုဖွဲ့ ကျူးလွန်သော ပြစ်မှုအမျိုးအစား၌ အကျုံးဝင်သည်ဖြစ်၍ စုံစမ်းစစ်ဆေးပြီး အမှန်တရားကို ဖော်ထုတ်ရာတွင် စိန်ခေါ်မှု ကြီးမား ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ကျရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းဖြစ်၍ အားထုတ် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံ လေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၈)တွင် အရာထမ်းသင်တန်းသားများအနက် ထူးချွန်ဆု ရရှိသော ကသ-၃၊ ဦးအောင်ထူးမြင့် အားလည်းကောင်း၊ အမှုထမ်းသင်တန်းသားများအနက် ထူးချွန်ဆု ရရှိသော ကသ-၂၃၊ ဦးမြတ်သူအောင် အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး သင်တန်းဆင်း လက်မှတ်များအား သင်တန်းသူ၊ သင်တန်းသားများကိုယ်စား ကသ-၁၊ ဦးအောင်သူလှိုင်တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံလေ့ကျင့်ရေး သင်တန်း အမှတ်စဉ်(၁/၂၀၁၈)ကို ဝန်ကြီးဌာနမှ ကော်မရှင်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ထားသည့် ဝန်ထမ်း(၈၂)ဦးအား ကော်မရှင် ရုံးအတွက် အောက်တိုဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၅)ရက်နေ့အထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ UNODC မှ ကျွမ်းကျင်သူများနှင့် ကော်မရှင်ရုံးမှ အရာထမ်းများက ကော်မရှင် ဖွဲ့စည်းခြင်းသမိုင်း နှင့် လုပ်ငန်းတာဝန်၊ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်မှုများ၊ ကော်မရှင်ကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေ၊ စုံစမ်းစစ်ဆေးခြင်း ဘာသာရပ်များ၊ဆက်စပ်ဥပဒေများ၊ကြိုတင်တားဆီးကာကွယ်ရေးဘာသာရပ်၊UNCACပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ချက်များနှင့်ကော်မရှင်ရုံးဌာနများအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကိုသင်ကြားပို့ချပေးခဲ့ပါသည်။

ဆက်စပ် သတင်းများ