အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်ဟောင်ကောင်ဒေသ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(Independent Commission Against Corruption -ICAC)နှင့် ပူးပေါင်းပြီး Publicity and Public Education Training သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

  • Mon, 12 November 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်ဟောင်ကောင်ဒေသ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်(Independent Commission  Against Corruption -ICAC)နှင့် ပူးပေါင်းပြီး Publicity and Public Education Training သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်


    မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဟောင်ကောင်ဒေသ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Independent Commission Against Corruption -ICAC)တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် Publicity and Public Education Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၂-၁၁-၂၀၁၈ ရက်နေ့(၁၀:ဝဝ)နာရီတွင် နေပြည်တော်ရှိ Hotel Royal ACE ၌ ပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ UNODC မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဟောင်ကောင်ဒေသ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ICAC) မှ သင်တန်းဆရာများ၊ ကိုယ်စားလှယ်များနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

      သင်တန်းဖွင့်ပွဲ၌ ကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် ဥပဒေအရ ကော်မရှင်၌ တာဝန်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်နိုင်ရန်၊ အများပြည်သူ ယုံကြည်လက်ခံမှု(Publicity)နှင့် အများပြည်သူ ပညာပေးရေး (Public Education)သည် မရှိမဖြစ် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရနှင့် အများပြည်သူဆိုင်ရာကဏ္ဍတွင် ကိုယ်ကျင့်သိက္ခာ (Public Sector Integrity) ရှိရေးနှင့် စီးပွားရေး ကဏ္ဍတွင် ကျင့်ဝတ်သိက္ခာ (Business Sector Integrity)ရှိရေးတို့ လိုအပ်ကြောင်း၊ သို့မှသာ လူထုအသိုက်အဝန်းမှ လက်ခံ ယုံကြည်မှု (Community Publicity)နှင့် မီဒီယာအဝန်းအဝိုင်း၏ လက်ခံယုံကြည်မှု (Media Publicity)တို့ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သက်တမ်းနုသေးသော မိမိတို့ကော်မရှင်သည် အနှစ် ၄၀ သက်တမ်းရှိခဲ့ပြီဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာပေါ်တွင် ဂုဏ်သိက္ခာ မြင့်မားသော ICAC ထံမှ သင်ယူလေ့လာစရာ များစွာရှိသည့်အတွက် စနစ်တကျ အပြည့်အဝ လေ့လာသင်ယူ သွားကြရန် ပြောကြားခဲ့ပါသည်။

        ထို့နောက် ICAC မှ သင်တန်းဆရာခေါင်းဆောင် Mr.Martin Chan က အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် ICAC မှ သင်တန်းဆရာများက သင်ခန်းစာများကို ဆက်လက် ပို့ချပေးခဲ့ပါသည်။

   အဆိုပါသင်တန်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်(၂)ဦးက လေ့လာ သူအဖြစ်နှင့် ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်း(၂၄)ဦး၊ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်သော မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ၊ တာဝန်ခံမှု အရပ်ဖက် မဟာမိတ် အဖွဲ(Myanmar Alliance for Transparency and Accountability -MATA) မှ (၃)ဦး၊ တရား မျှတမှုကို လက်လှမ်းမီနိုင်ရေးအဖွဲ့ (Access to Justice Initiative - A2JI)မှ (၃)ဦး၊ သင်တန်းသား စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၂-၁၁-၂၀၁၈ ရက်နေ့မှ ၁၆-၁၁-၂၀၁၈ ရက်နေ့ထိ (၅)ရက် ကြာမြင့်မည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ