မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • Sat, 17 November 2018

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNDP တို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးအဆင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အမှာစကားပြောကြားရာတွင် ယခုခေတ်တွင် အဂတိလိုက်စားမှုဆိုတာဟာ မူးယစ်ဆေးဝါး သယ်ဆောင်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ တရားမဝင် ကုန်သွယ်မှုစတဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းများနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံတစ်ခု၊ ဒေသတစ်ခုရဲ့ ပြဿနာမဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာပြဿနာကြီးတစ်ရပ် ဖြစ်တာမို့နိုင်ငံအလိုက် အလေးထားဖြေရှင်းနေကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံးနားလည်သဘောပေါက်ရန်လိုပါကြောင်း၊ နိုင်ငံတချို့မှာ အဂတိလိုက်စားမှုကို နိုင်ငံရေးတန်ဖိုးထားမှုများလွဲမှားခြင်း၊ အကျိုစီးပွားပဋိပက္ခများပြင်းထန်ခြင်း၊ အင်စတီကျူးရှင်းများ လုံလောက်မှုမရှိခြင်း၊ အားနည်းသောမူဝါဒနဲ့ ဆိုးဝါးသော အုပ်ချုပ်ရေးစနစ်တို့ကြောင့် ထိန်းချုပ်ရန် ခက်ခဲနေရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူလူထုအတွက် အလွန်ကြီးမားတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှုကြီးဖြစ်စေကြောင်း၊အဂတိလိုက်စားမှုကြောင့် တိုက်ရိုက်ကုန်ကျမှုတန်ဖိုးနဲ့ အဂတိလိုက်စားမှုနဲ့ ဆက်စပ်နေတဲ့ ဆုံးရှုံးမှုတန်ဖိုးတို့ဟာ ပေးသူယူသူတို့ကဆုံးရှုံးနေခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့ အမွေအနှစ် အရင်းအမြစ်များကသော်လည်းကောင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေမှသော်လည်းကောင်း၊ ပြည်သူလူထု ကိုယ်တိုင်မှ သော်လည်းကောင်း၊ ထိခိုက်နစ်နာ ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုဟာ ဆယ်စုနှစ် ပေါင်းများစွာ နယ်ပယ်အသီးသီး၌ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ ပြဿနာဖြစ်ကြောင်း၊ ဒီပြဿနာကြောင့် နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ၊ အုပ်ချုပ်ရေးအဆောက်အအုံ၊ နိုင်ငံရေးအဆောက်အအုံများ၊ လူမှုယဉ်ကျေးမှု အဆောက် အအုံမှာပါ တိုးတက်သင့်သလောက် မတိုးတက်ဘဲနိုင်ငံတကာနှင့် မယှဉ်နိုင်ဘဲ ဖြစ်နေရတယ်ဆိုတာကို အငြင်းပွားနိုင်မည် မဟုတ်ကြောင်း၊ ယင်းပြဿနာကို လက်ရှိအစိုးရအနေနဲ့ အပြင်းအထန်ကြိုးပမ်း အားထုတ်နေတာကို အားလုံးအသိပဲဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှာ ဘယ်သူတွေကဘယ်လို နည်းနဲ့ ဖြေရှင်းကြမလဲဆက်လက် မဖြစ်ပွားရေး ဘယ်လိုတားဆီးကာကွယ်ကြမလဲဆိုတာကို ဆွေးနွေးကြမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို ကော်မရှင်တစ်ခုတည်းက ထမ်းဆောင်လို့မရတဲ့ အတွက် အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းများအရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူလူထုတစ်ရပ်လုံးအပြင် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများပါ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေဖြင့် လုပ်ငန်းတာဝန်များပါ အပ်နှင်းထားပါကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝကင်းရှင်းသွားအောင် လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့် ထားပါကြောင်း၊ သို့သော်လည်း မဝေးတော့သည့် ကာလအတွင်း ထိထိရောက်ရောက် တားဆီးကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိနေပြီဖြစ်ကြောင်း၊ သက်ဆိုင်သူများထိခိုက်နာကျင်မှု အနည်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ဒီနည်းလမ်းကတော့ အစိုးရဌာနများအပါအဝင် အများပြည်သူအဖွဲ့အစည်းများနဲ့ ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်ကြရမဲ့ နည်းလမ်း (Public-Private Collaboration-PPC) နည်းလမ်းပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို စီးပွားဖွံ့ဖြိုးတိုးတက်အောင် (Public-Private Partnership-PPP)နည်းလမ်းနဲ့ ဆောင်ရွက်နိုင်တဲ့ အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အတူလက်တွဲအားထုတ်ကြဖို့ ဖြစ်ကြောင်း၊ ဒါ့အပြင်ယနေ့ဆွေးနွေးပွဲမှာဌာနဆိုင်ရာများနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ကဘယ်လို တားဆီး ကာကွယ်သင့်သလဲ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများက ဘယ်လိုတားဆီး ကာကွယ်သင့်သလဲ၊ ပြည်သူများအတွက် အရပ်ဖက် အဖွဲ့အစည်းများက ဘယ်လိုကူညီသင့်သလဲဆိုတာ ဆွေးနွေးကြရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုမှာဘာအသံမှ မကြားဘဲအပေးအယူ မျှနေတယ်ဆိုရင် “အဂတိလိုက်စားမှုမျှခြေ” (Corrupt Equilibrium) ဖြစ်နေကြောင်း၊ ဒါဟာအဂတိလိုက်စားမှုရဲ့ အဆိုးဝါးဆုံးအခြေအနေ၊ ဖျက်ဆီးနိုင်တဲ့ စွမ်းအားအများဆုံး အခြေအနေဖြစ်ကြောင်း၊ နိုင်ငံနဲ့ပြည်သူလူထုဆင်းရဲနွမ်းပါးရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများအနေနဲ့ နိုင်ငံတော်က တာဝန်ယူဖြေရှင်းနေတဲ့ တိုင်းပြည်ရဲ့ အဂတိလိုက်စားမှု ပြဿနာကြီးမှာခင်ဗျားတို့ကိုယ်တိုင် ပြဿနာအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လိုပါသလား၊ ဒါမှမဟုတ်ရင် ဌာနဆိုင်ရာများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များဖွဲ့စည်းခြင်းဖြစ်စေ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများအနေနဲ့ (COC) ကျင့်ဝတ်များ ရေးဆွဲလိုက်နာခြင်းဖြင့် ဖြစ်စေ၊ ကိုယ့်အလုပ်ကိုယ် တာဝန်ယူတာဝန်ခံမှုရှိစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ၊ ပြုပြင်ပြောင်းလဲပေးကြခြင်းဖြင့် တိုင်းပြည်ရဲ့ အဂတိလိုက်စားမှု ပြဿနာကြီးကိုခင်ဗျားတို့ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းပေးသူ ဖြစ်လိုပါသလား၊ ခင်ဗျားတို့ရဲ့ရွေးချယ်မှုဟာ ခင်ဗျားတို့အတွက်ချည်းပဲအရေးကြီးတာမဟုတ်တဲ့အပြင် နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ခင်ဗျားတို့ရဲ့ သားစဉ်မြေးဆက် မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်အတွက်ပါ အရေးကြီးကြောင်း၊ ဒါကြောင့်မို့အုပ်ချုပ်ရေးအဆင့်ဆင့်မှ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအနေနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ်မှာ ကြားနေအဖြစ် လုပ်မနေဘဲအများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များအတူလက်တွဲပြီးမိမိတို့ဒေသအတွင်းအဂတိလိုက်စားမှု ဖြစ်ပွားနေတဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ကာ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ ကျင့်ဝတ်များရေးဆွဲခြင်း၊ ကိုယ်တိုင်လည်း လိုက်နာစောင့်ထိန်းခြင်း၊ အခြားသူများကိုလည်းလိုက်နာစောင့်ထိန်းနိုင်အောင် ကြပ်မတ်ခြင်းဖြင့် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ပေးကြပါ၊ တာဝန်ရှိသူများနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ကျင့်ဝတ်သိက္ခာကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးကြပါရန်ထည့်သွင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ ဒေါက်တာတင်မောင်သန်း(သင့်ဘ၀)က ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး ဝန်ကြီး ဦးတင်နွယ်ဦး က အုပ်ချုပ်ရေးကဏ္ဍဆိုင်ရာများ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲသွင် က နိုင်ငံပိုင်ဘဏ္ဍာရန်ပုံငွေပစ္စည်းများ ဆုံးရှုံးနစ်နာမှု မဖြစ်စေရေးအတွက် ဝယ်ယူရေး၊ ထုခွဲ ရောင်းချရေး၊ ငှားရမ်းရေး၊ စိမ်မံကိန်းလုပ်ငန်းများတွင် တင်ဒါဖြင့် ဆောင်ရွက်ရာ၌ လိုက်နာရမည့် ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်( Cooperate Affairs Director of City Mart Group)က စီးပွားကဏ္ဍများတွင် ဂုဏ်သိက္ခာရှိစေရေး ဆောင် ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။၎င်းနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)မှ Area Office Coordinator ဦးဇော်မင်းနောင် က အဂတိလိုက်စားမှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ ဒေသခံစီးပွားရေး လုပ်ငန်းရှင် ဦးဇေယျ၊ တရားမျှတမှုကို လက်လှမ်းမှီနိုင်စေရေးအဖွဲ့(A2JI)မှ ကိုယ်စားလှယ် ဦးရဲလင်းအောင် ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA)မှ ကိုယ်စားလှယ် ဦးသန့်စင် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် စကားဝိုင်းဆွေးနွေးကြပြီး၊ တက်ရောက် လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ ကိုယ်စားလှယ်များ၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား(၄၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ