အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

  • Fri, 7 December 2018

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


        မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့နှင့် ပူးပေါင်း၍ ဒီဇင်ဘာလ (၉)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ Rose Garden Hotel တွင် ယနေ့နံနက်(၉)နာရီ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာအား ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ဖတ်ကြားခဲ့ပြီး အခမ်းအနားဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ UNODC ၏Country Manager Mr.Troels Vester ၊UNDP မှ Governance & Sustainable Peace Unit အဖွဲ့ခေါင်းဆောင် JOERG STAHLHUT တို့က အထိမ်းအမှတ်နေ့ အမှာစကားများ ပြောကြားခဲ့သည်။

          အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း၏ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု တို့ကို ခြိမ်းခြောက်လျက်ရှိသည့် လူကုန်ကူးမှု၊ မူးယစ်ဆေး ဝါးတရားမဝင်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ကျူးလွန်မှု၊ တရားမဝင် ကုန်သွယ်မှုစသည် တို့ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းတရား တစ်ရပ်သည် အဂတိလိုက်စားမှု ဖြစ်ပါကြောင်း၊ United against Corruption ဟူသော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ စည်းလုံးညီညွတ်မှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် “အဂတိ ပယ်ခွာ ပြည်သာယာ” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားလျက် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ ဦးတည်ချက် များနှင့် အညီ အများပြည်သူတို့နှင့်အတူ ညီညီညွတ်ညွတ် လက်တွဲပြီး အဂတိလိုက်စားမှုများကို အရှိန်အဟုန် မြှင့်တင်၍ တွန်းလှန်တိုက်ဖျက်သွားမည် ဖြစ်ပါကြောင်း

ပြောကြားခဲ့သည်။

        ဆက်လက်၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်မှ "မှန်တာကို ပြောပါ" ခေါင်းစဉ်ဖြင့် အခြေခံပညာ မူလတန်းအဆင့် သရုပ်ဖော်ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုရ ကျောင်းသား ၊ ကျောင်းသူများ၏တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခြင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရ ကျောင်းသား ၊ ကျောင်းသူများနှင့် မူလတန်းအဆင့်တေးသရုပ်ဖော် ပြိုင်ပွဲတွင် ဆုရ ကျောင်းသား ၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

         အခမ်းအနားသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ သံအမတ်ကြီးများနှင့် သံရုံးအဖွဲ့ဝင်များ၊ ကုန်သည်စီးပွားစက်မှု အသင်းချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဦးဆောင်ဆွေးနွေးပေးသော ပညာရှင်များ၊ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စာရင်းစစ်ချုပ်ရုံးတို့မှ အာဏာပိုင် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများ၊ ကျင့်ဝတ်လိုက်နာသူ အသိအမှတ်ပြု ခန့်အပ်ခြင်းခံရသူ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ “မှန်တာကိုပြောပါ” ကဗျာသရုပ်ဖော် ဆုရ ကျောင်းသား/ ကျောင်းသူများ၊ “ကိုယ်ကျင့်တရားအလေးထား” စာစီစာကုံးဆုရကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ