အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ

  • Fri, 10 June 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး  အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ


နေပြည်တော်၊ ဇွန်လ  ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ(၅၁)ဦး တက်ရောက်ခဲ့ကြသည်။ 

  သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌက အမှာစကား ပြောကြားရာ၌ သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကော်မရှင်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စတိုပစ္စည်း စာရင်းထားနည်း၊ အမှုတွဲထိန်းသိမ်းနည်း၊ လုပ်ငန်းကော်မတီ၊ ဌာနများ၏ဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပို့ချသင်ကြားပေးခဲ့သည့်အတွက် ဝန်ထမ်းသစ်များအနေဖြင့် လုပ်ငန်းသဘောတရားများကို အတိုင်းအတာတစ်ခုအထိ သဘောပေါက် နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းအသစ်များအနေဖြင့် ယနေ့မှစ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်ရတော့မည်ဖြစ်ရာ သက်ဆိုင်ရာဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်ရာ၌  သင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများကို အခြေခံ၍ လုပ်ငန်းခွင်တွင် ထပ်မံလေ့လာသင်ယူ၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် စနစ်တကျ လေ့လာသင်ယူ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မရှင်သည် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရေးအတွက် လုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် ထမ်းဆောင်နေသည့် ဂုဏ်သိက္ခာ မြင့်မားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြင့်မားမှုကို ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု အစရှိသည့် အခြေခံမူများကို လိုက်နာကျင့်သုံးရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်ချက်၊ နေထိုင်ပြောဆိုမှုများသည် ကော်မရှင်ရုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို သိရှိရန်လိုကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းအပေါ် စေတနာထား၍ စည်းကမ်းရှိစွာနှင့် လုပ်ဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုအခက်အခဲများကို ကျော်လွှားနိုင်မှသာ အောင်မြင်မှုကို ရောက်ရှိနိုင်မှာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ အထက်အောက် ရိုသေလေးစားမှု၊ သည်းခံစိတ်ရှိမှုနှင့်အတူ၊ ကြိုးစားသင်ယူကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် ကော်မရှင်၏ရည်မှန်းချက်၊ ဦးတည်ချက်များကို အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ကို အမြဲနှလုံးသွင်းထားရန်လိုကြောင်း၊ ဝန်ထမ်းများသည် အနာဂတ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွက် အားကိုးအားထားပြုရသည့်၊ ယုံကြည်စိတ်ချရသည့် ဝန်ထမ်းများ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာကို ဖန်တီးပေးနိုင်သည့် ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။ 

    ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသား(၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား(၅၁)ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်စပ် သတင်းများ