အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

  • Fri, 25 March 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ


နေပြည်တော်၊ မတ် ၂၅

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။ 

    အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီး ဌာနမှသင်တန်းနည်းပြများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊         ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းသားများအား သတင်းမီဒီယာအခြေခံ သင်တန်းမှ ပို့ချလိုက်သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင်အကောင်းဆုံး အသုံးချသွားရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိဌာနအပေါ် စေတနာအပြည့်ဖြင့် တာဝန်ဝတ္တရား ကျေပွန်စွာထမ်းဆောင်ခြင်းသည် မိမိနိုင်ငံတော်အပေါ် တာဝန်ကျေခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ လုပ်ကိုင်နိုင်စွမ်း၊ လုပ်ငန်းအတွေ့အကြုံများ တိုးတက်ရရှိမှာဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် မည်သည့်လုပ်ငန်းကိုမဆို စိတ်ရင်းစေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

    ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက “သတင်းမီဒီယာအခြေခံသင်တန်း”၌ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ နည်းပြများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး သင်တန်းတွင် ပထမဆု၊ ဒုတိယဆုများ ရရှိခဲ့ကြသည့် သင်တန်း သား(၂)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၀)ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်စပ် သတင်းများ