အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

  • Mon, 28 February 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊  သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်


   နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၈   ရက်

     အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌      ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီကျင်းပသည်။ 

    အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် နှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို အများပြည်သူ အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် သတင်းထုတ်ပြန်ခြင်းနှင့် အသိပညာပေးဆောင်းပါးများ ရေးသားရာ၌ ဝန်ထမ်းများအနေဖြင့် ပြန်ကြားရေးအတတ်ပညာ၊ သတင်းမီဒီယာအတတ်ပညာများဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သတင်းမီဒီယာအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သတင်းအချက်အလက်များ တင်ပြရာတွင်လည်း မီဒီယာကျင့်ဝတ်နှင့်အညီဖြစ်စေရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ အကြပ်အတည်းကာလတွင် Social Media သည်လည်း အဓိကကျသည့်အခန်း ကဏ္ဍတစ်ခုဖြစ်လာကြောင်း၊ သတင်းအချက်အလက်များ၊ ကြေညာချက်များကို ဆိုရှယ်လ် မီဒီယာ၊ Website တို့မှတစ်ဆင့် အများပြည်သူသိရှိနိုင်စေရန် ထုတ်လွှင့်နေသည့် အချိန်တွင် ကျင့်ဝတ်နှင့်အညီ စနစ်တကျရေးသားဖော်ပြနိုင်သည့် မီဒီယာကောင်းများ ဖြစ်လာစေရန် အရေးကြီးပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ဆောင်ရာ၌ သိရှိမှတ်သားလိုက်နာရမည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူရန်နှင့် သင်ကြားခဲ့သည့် အသိပညာရပ်များကို လက်တွေ့ နယ်ပယ်၌ နိုင်ငံတော်နဲ့ပြည်သူ့အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။ 

အဆိုပါသင်တန်းသို့ ကော်မရှင်ရုံးမှ အရာထမ်း (၃) ဦး၊ အမှုထမ်း (၁၈) ဦး စုစုပေါင်း သင်တန်းသား (၂၁) ဦး တက်ရောက်ကြပြီး ၂၀၂၂ ခုနစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၃)ပတ်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သတင်းစာပညာ မိတ်ဆက်၊ အွန်လိုင်းသတင်းရေးသားခြင်း၊ ဓာတ်ပုံပညာအခြေခံ၊ သတင်းမှတ်တမ်းရိုက်ကူး ထုတ်လုပ်ခြင်းနှင့် သတင်းတည်းဖြတ်ခြင်းဘာသာရပ်များကို  ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ