အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)နည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၁၉)သင်တန်းဖွင့်လှစ်

  • Tue, 5 February 2019

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)နည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၁၉)သင်တန်းဖွင့်လှစ်


နေပြည်တော်၊ ဖေဖော်ဝါရီ ၅



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသားသင်တန်းသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်ပြည်ပသ တင်းမီဒီယာများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အဂတိလိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ပြားခြင်းဖြစ်သည့် အပြင် စက်ဆုပ် ရွံရှာဖွယ်ကောင်းသောပြစ်မှုကို ကျူးလွန်ခြင်းလည်းဖြစ်သည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ဂုဏ်သိက္ခာနှင့်လူထု၏ယုံကြည်မှုကိုကျဆင်းစေနိုင်သည်ဆိုသည့် အချက်ကိုမည်သူကမျှ မငြင်းနိုင်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနအချို့တွင်ယခု ဖွဲ့စည်းမည့်အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များ၏လုပ်ငန်းတာဝန်သည် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ယုံကြည်မှုတို့ကိုပြန်လည်မြင့်မား လာအောင် ဆယ်တင်ပေးနိုင်သည်ဖြစ်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာ နှင့်လာဘ်ငွေ၊ လူထု၏ယုံကြည်မှုနှင့်တစ်ဦးတစ်ဖွဲ့အတွက် တစ်ကိုယ်ကောင်းဆန်သော အဆင်ပြေသက်သာမှု၊ အများပြည်သူအကျိုးစီးပွားနှင့် ပုဂ္ဂလိက အကျိုးစီးပွားတို့တွင် မည်သည့်အရာကိုရွေးချယ်ကြမည်နည်းဟူသောမေးခွန်းသည် မိမိတို့၏တန်ဖိုး ထားမှုများ ကိုကောင်း၏ မကောင်း၏၊ မှန်၏ မမှန်၏ သေချာစွာအကဲဖြတ်ပေးနိုင်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏ဂုဏ်သိက္ခာ၊လူထု၏ယုံကြည်မှုနှင့် ပြည်သူတို့၏ အကျိုးစီးပွားကိုသာဦးစားပေးကြမည်ဆိုလျှင်မိမိတို့ကိုယ်တိုင် မည်သည့်နည်းနှင့်မျှ အဂတိ လိုက်စားမှုမဖြစ်နိုင်ပါကြောင်း၊ ဝန်ထမ်းများအဂတိလိုက်စားမှုကင်းရှင်းလာစေရေးအတွက် သက်ဆိုင်သူများကို ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်သော နည်းပညာဖြင့်ပြုပြင်ပြောင်းလဲ ပေးနိုင်သည့် CPUလုပ်ငန်းစဉ်တွင်ပိုမိုတက်ကြွစွာပူးပေါင်းပါဝင်လာကြမည် ဖြစ်ပါကြောင်း။

ကော်မရှင်အနေဖြင့်ဝန်ထမ်းများအတွင်း၌ သာမကလူ့ဘောင်အဖွဲ့အစည်းအစိတ်အ ပိုင်းအသီးသီးတွင် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တန်ဖိုးထားလွဲမှားမှု များရှိနေသေးခြင်း ကိုကောင်းစွာနားလည် သဘောပေါက်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူပြည်သားများ၏ တန်ဖိုးထားမှုစံနှုန်းများနှင့် တန်းတူညီ တူမဖြစ်နိုင်သေးသည်ကို ကောင်းစွာ နားလည်လက်ခံနိုင်ရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်သည် လုပ်ပိုင်ခွင့်များကို ချိန်ချိန်ဆဆ ကျင့်သုံးသည့် အနေဖြင့် ပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းဟူသည့်လုပ်ငန်း အဆင့်ဆင့်ကို နိုင်ငံတော်၏ရေရှည်အကျိုးစီးပွားကိုမျှော်မှန်းကာ မူလတန်းအရွယ်ပညာပေးခြင်း လုပ်ငန်းမှ စတင်၍စီမံကိန်းများချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ၁၆(ဋ) နှင့်အညီဖြစ်သည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား အဂတိလိုက်စားသော ပြစ်မှုကျူးလွန်ပြီးမှ အရေးယူရခြင်းသည် ကျူးလွန်ခဲ့ သူများ၌ ကြီးမားသော ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဖြစ်စေနိုင်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း တာဝန်ယူမှုအားနည်းချက်ရှိခြင်း၊ တစ်နည်းအားဖြင့်တာဝန်မကင်းဟု မှတ်ယူ နိုင်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားသောပြစ်မှုလုံးဝမကျုးလွန်မိစေရန် ဌာနများ ၌အဂတိလိုက်စားမှု ပြဿနာ ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ် ဖော်ထုတ်ရန်၊ တွေ့ရှိလာသောပြဿနာကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဖြေရှင်းရန်သို့မဟုတ် အရေးယူဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြား ချက်များတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများ ရှိ / မရှိဆန်းစစ် အကဲဖြတ်ချက် (Corruption Risk Assessment- CRA) ပြုလုပ်ပြီး စနစ်တကျပိတ်ဆို့ထိန်းချုပ်ခြင်းဖြင့် ဝန်ထမ်းများအား အနာဂတ်ကာလတွင်ပါ အဂတိလိုက်စားမှုများဆက်လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားရန် ဖြစ်ပါကြောင်း။

CPUစီမံချက်သည် တစ်ဘက်တွင် ဝန်ထမ်းများအတွင်း အဂတိကင်းရှင်းစေရန် ရည်ရွယ်ထားသကဲ့သို့ အခြားတစ်ဘက်တွင်လည်းဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသောအသေးစားအဂတိလိုက်စားမှု(Petty Corruption)အများအပြားကိုတချိန်တည်း တပြိုင်တည်းဟန်ချက်ညီညီတိုက်ဖျက်ရာတွင် ထိရောက်မှု ရှိစေရန်ဖြစ်ပါကြောင်း၊ အကြီးစားအဂတိ လိုက်စားမှုများ (Grand Corruption) ၏ပင်ရင်းဗဟိုချက် တစ်ခုဖြစ်သောနိုင်ငံတော်၏ ဝယ်ယူရေး လုပ်ငန်းများ အပါအဝင်ဖြစ် သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများမဖြစ်ပွားစေ ရေးအတွက် ထိရောက်စွာတားဆီးကာကွယ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါ ကြောင်း။

အဂတိလိုက်စားမှုများကိုတပြိုင်နက် တိုက်ဖျက်နိုင်ရန်ဖြောင့်မတ် တည်ကြည်မှု ကို အခြေခံသောအစု အဖွဲ့များ(Integrity Pact) ဖြစ်ပေါ်လာစေရေးအတွက် အစိုးရ ဌာနများနည်းတူစီးပွားရေး လုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့အစည်းများပါကိုယ်စီကျင့် ဝတ်များစောင့်ထိန်း လိုက်နာကြစေရေး ကိုလည်း တိုက်တွန်းဆောင်ရွက်လျှက်ရှိရာ နှစ်အနည်းငယ်အတွင်း အဂတိလိုက်စားမှုများ ကျဆင်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကော်မရှင်သို့ရောက်ရှိလာသည့် တိုင်ကြားချက်များ ကိုပိုမိုထိရောက်စွာ အရေးယူဆောင် ရွက်ရန်၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်တွင် ထည့်သွင်းရေး ဆွဲဆောင်ရွက် လျှက်ရှိပါကြောင်း၊ ကော်မရှင်ကအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေစဉ် ရှေးပြေးစီမံကိန်း အရပြည်ထောင်စုဝန်ကြီးဌာန (၁၄) ခုတွင် CPUအဖွဲ့များဖွဲ့စည်းပြီး သတ်မှတ်ပေး ထားသောရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင်စွာပူးပေါင်းဆောင်ရွက် လာခြင်း ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ပြင်းပြသော နိုင်ငံရေး ခံယူချက် တက်ညီလက်ညီအကောင်အထည်ဖော် ဖြည့်ဆည်းပေးသွားနိုင်မည်ဖြစ် ပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် Deputy Country Director ၊ Ms . Dawn Del Rio က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။

အဆိုပါသင်တန်းကို ၅-၂-၂၀၁၉ မှ ၇-၂-၂၀၁၉ ရက်နေ့ထိဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ UNDP မှ ကျွမ်းကျင်ပညာရှင်များက အဂတိလိုက်စားမှု၏ သဘောတရားနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ကော်မရှင် ကျင့်ဝတ်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်၊ ကာကွယ်ရေးစီမံချက်ရေးဆွဲခြင်း၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်ပုံအဆင့်ဆင့် တိုင်ကြားစာနှင့် ပတ်သက်၍အရေးယူဆောင်ရွက်ခြင်း၊ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် သတင်းပို့ခြင်း၊ နိုင်ငံဝန်ထမ်းဥပဒေနည်းဥပဒေဖြင့် ဌာနဆိုင်ရာ အရေးယူခြင်း ၊ Korea’s Approach to Corruption in the Public sector ၊ Introducing the CRA Methodology ၊ Training for CPU Officials ; Step by Step approaches for Anti-Corruption ၊ Contextualizing the CRA Criteria in Myanmar ၊ Global experience of CPU ဘာသာရပ် ဆိုင်ရာများကို သင်ကြားပို့ချမည်ဖြစ်သည်။

ယခုသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့များဖွဲ့စည်းရန် ရှေ့ပြေးစီမံကိန်း၌ ပါဝင်ဆောင်ရွက်ကြမည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ် သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့် အရာထမ်းသင်တန်းသား (၁၁၄) ဦး နှင့် ကော်မရှင်ရုံးမှ သင်တန်းသား (၁၈)ဦး စုစုပေါင်း သင်တန်းသား (၁၃၂) ဦး တက်ရောက်ကြပါသည်။

ဆက်စပ် သတင်းများ