အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ ပူးပေါင်းဖွင့်လှစ်သည့် Mentoring Programme သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

  • Mon, 19 November 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ ပူးပေါင်းဖွင့်လှစ်သည့် Mentoring Programme သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်


မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် (United Nations Office Drugs and Crime -UNODC) တို့ ပူးပေါင်းဖွင့်လှစ်သည့် Mentoring Programme သင်တန်း ဆင်းပွဲအခမ်းအနားကို ၁၉-၁၁-၂၀၁၈၊ နေ့လည် ၁၃:ဝ၀ နာရီအချိန်၌ ကော်မရှင်ရုံး စုပေါင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသား များတက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြား ရာ၌ ကော်မရှင်မှ တာဝန်ယူဆောင်ရွက်နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း များတွင် ထိထိရောက်ရောက်စုံစမ်း စစ်ဆေးနိုင်ရန်၊ ကျော်စောသတင်းနှင့်စပ်လျဉ်း၍ သတင်း အချက်များ စုဆောင်းခြင်း၊ အတည်ပြုခြင်းနှင့် လုပ်ထုံးလုပ်နည်းများသိရှိစေရန်၊ သဘာဝ သယံဇာတ တူးဖော်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်လေ့ဖြစ်ထရှိသည့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသည့် အကြောင်းတရားများကို သိရှိနားလည်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုတွင်လည်း အဂတိလိုက်စားမှုမရှိစေရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်တွင် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို သင်တန်းသား(၁၂)ဦးဖြင့် ၉-၈-၂၀၁၈ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး ကျော်စောသတင်း၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်း စသည့်ကဏ္ဍများတွင် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်မှုဆိုင်ရာ ဘာသာရပ်(၃)ခု သင်ကြားပေး ခဲ့ကြောင်း၊ ယင်းကဏ္ဍများမှာ အဂတိကင်းစင်စေရန်နှင့် လျော့ကျသွားစေရန် ဆောင်ရွက် နိုင်ခြင်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသဖြင့် စစ်ဆေးရေးမှူးများအနေဖြင့် ယခုပို့ချပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချနိုင်ပါက မိမိတို့ကော်မရှင်ရုံး၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်နိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ ယခုလို UNODC ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့သည့်အတွက် ကော်မရှင်ရုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် အားလုံးပူးပေါင်း ပါဝင်မှုဆိုသည့် အချက်ကိုလည်း ပူးတွဲအကောင်အထည်ဖော် ဆောင်ပြီး ဖြစ်သည့်အတွက် နောင်တွင် အောင်မြင်မှုများ ရရှိလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် အတွင်းရေးမှူး ဦစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဒေါ်မြတ်မြတ်စိုး၊ ဒေါ်အေးအေးမူ၊ ဦးဟန်ညွန့်၊ ဦးမျိုးမြင့် ၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် UNODC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ