အဂတိလိုက်စားမှုတိုက်ဖျက်ရေးကျင့်ဝတ်များ

  • Mon, 14 March 2022

နေပြည်တော်၊ မတ်လ ၁၄ ရက်

အဓိကတာဝန်

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်  ဆောင်ရွက်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါသည်။ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်ကို ပုံဖော်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် လွန်စွာအရေးပါသကဲ့သို့ အဖွဲ့အစည်းများအတွင်း ကျင့်ဝတ် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ လူတစ်ဦးချင်းစီအနေဖြင့် ကျင့်ဝတ်လိုက်နာစောင့်ထိန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို ပဓာနကျသည့် လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ကော်မရှင် အနေဖြင့်လည်း အများ ပြည်သူဆိုင်ရာအုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မား တိုးတက်လာစေရန်အတွက် ကျင့်ဝတ်လိုက်နာစောင့်ထိန်းသော ဝန်းကျင်ကောင်းများ ဖန်တီးပုံဖော်နိုင်ရေး နည်းလမ်းအသွယ်သွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်ကိုင်ထားသော ကျင့်ဝတ်များ

ကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်ကစပြီး သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းလာစေရန်နှင့် အများပြည်သူဘဝ သာယာဝပြောလာစေရန်တို့ကို ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အများပြည်သူသို့ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် လွန်စွာအ‌ရေးကြီးပြီး ဝန်ထမ်းများ၏ အရည်အချင်းရှိမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်သိက္ခာရှိမှုနှင့် မှန်ကန်စွာဆောင်ရွက်နိုင်မှုတို့သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့ဖြစ်၍ ကော်မရှင်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ် စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှုစသည့် အခြေခံမူ ခြောက်ချက်ပါဝင်သော ကော်မရှင်ကျင့်ဝတ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။

‌ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် အခြားသော အဖွဲ့အစည်းများမှ ဝန်ထမ်းများထက် ထူခြားမှုမှာ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေ၊ ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများအပြင် ရှင်းလင်းတိကျသော စည်းမျဉ်းများပါဝင်သည့် ကော်မရှင်ကျင့်ဝတ်ကိုပါ လိုက်နာစောင့်ထိန်းကြရခြင်းပင်ဖြစ်ပါသည်။ ဥပမာ ဖြောင့်မတ်တည်ကြည်မှု စံနှုန်းတစ်ခုအနေဖြင့် ဝန်ထမ်းများ အချင်းချင်းကြား လက်ဆောင်ပေးခြင်း အလေ့အထများသည် အမှန်တကယ် အကျိုးစီးပွား ပဋိပက္ခများ ကိုသာမက၊ အကျိုးစီးပွား  ပဋိပက္ခရှိသည်ဟု ထင်မြင် ယူဆခံရနိုင်သည့်အတွက် အထက်အရာရှိ အဆင့်ဆင့်သည် လက်အောက်ဝန်ထမ်းများထံမှ လက်ဆောင်လက်ခံခြင်း မပြုရပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကော်မရှင်ရုံး ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားမှုကို ဖြစ်စေသည့် အသေးအဖွဲ့ကိစ္စရပ်များကိုပါ အလေးထား စောင့်ထိန်းသည့် သ‌ဘောပင် ဖြစ်ပါသည်။ ထို့ပြင် မိမိ၏ ဆုံးဖြတ်ချက်၊ ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ချက်အားလုံးကို ကျင့်ဝတ်ပါ တာဝန်သိမှု၊ တာဝန်ယူမှု စံနှုန်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် ကော်မရှင်၏ ပုံရိပ်ကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ အထူးသဖြင့် ကျင့်ဝတ်ပါ မျှတမှုစံနှုန်းများ နှင့်အညီ ဆုံးဖြတ်ချက်များချမှတ်ရာတွင် မျှတမှုရှိခြင်း၊ အရည်အချင်းရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်းနှင့် အပြန်အလှန်လေးစားခြင်းတို့ကို အခြေခံကာ နိုင်ငံတော်နှင့် ပြည်သူအကျိုးဖြစ်ထွန်းမည့် သုံးသပ် ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ကျင့်ဝတ်နှင့်ခေါင်းဆောင်မှု

အဖွဲ့အစည်းများ၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှု၏ အခန်းကဏ္ဍသည်လွန်စွာ အရေးကြီးလှပါသည်။ ခေါင်းဆောင်များ အနေဖြင့် ကိုယ်တိုင်ကျင့်ဝတ်လိုက်နာစောင့်ထိန်းသင့်သကဲ့သို့ မိမိတာဝန်ယူသည့် အဖွဲ့အစည်းအတွင်း ကျင့်ဝတ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ ဝန်ထမ်းများကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုနေထိုင်ရေးတို့ကိုလည်း အလေးပေးကြပ်မတ်ဆောင်ရွက်ကြရပါမည်။ ကျင့်ဝတ်နှင့်ညီသော ခေါင်းဆောင်မှု၏ အကျိုးဆက်အနေဖြင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာတိုးတက်မှုကို ရရှိနိုင်သကဲ့သို့ ဝန်ထမ်းများ၏ရပ်တည်မှုသည်လည်း ကျင့်ဝတ်စောင့်ထိန်းလိုက်နာမှု အလေ့အထဆီသို့ ဦးတည်ကာ အဖွဲ့အစည်း၏ ပုံရိပ်ကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှု၊ သာတူညီမျှမှု၊ တန်းတူညီမျှမှု၊ ဘက်လိုက်ခြင်းကင်းမှု စသည့် ကျင့်ဝတ် ဆိုင်ရာစံတန်ဖိုးများကို တန်ဖိုးထား စောင့်ထိန်းတတ်စေရန်ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ ဗဟိုပြုသည့် ဝန်ထမ်းများအဖြစ်ရပ်တည်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ ဘက်လိုက်မှု ကင်းခြင်း၊ အဂတိကင်းရှင်းခြင်းနှင့် တရားမျှတစွာ ဆောင်ရွက်ခြင်းစသည့် ကျင့်ဝတ် စံတန်ဖိုးများကို အဓိက လက်ကိုင်ထားတတ်စေရန် ရည်ရွယ်လမ်းညွှန်ထားပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်စံတန်ဖိုးများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်ဝတ်စောင့်ထိန်းသော၊ အဂတိတရားကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရေး နှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရာတွင် ကျင့်ဝတ်စံတန်ဖိုးများကို လိုက်နာကာ အဂတိတရား ကင်းရှင်းစွာဆောင်ရွက် နိုင်စေရန်ရည်ရွယ်လျက် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် အစိုးရဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လမှ စတင်ကာ ရှေ့ပြေးစီမံကိန်း အဖြစ် ပြည်ထောင်စုဝန်ကြီးဌာန ၁၄ ခုတွင်သာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သော်လည်း  ၂၀၂၁ ခုနှစ် ဇွန်လအထိ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၃၃) ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်ပါသည်။

  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ အဓိက ရည်ရွယ်ချက်မှာ အသေးစား အဂတိလိုက်စားမှုများ လေျာ့နည်းကျဆင်းလာစေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံ ကောင်းမွန်လာစေရေး ဖြစ်ပါသည်။ ဌာနတွင်း ဝန်ထမ်းများ၏ ကျင့်ဝတ် ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းရုံသာမက ၎င်းတို့နှင့် လုပ်ငန်းသဘော သဘာဝအရ ဆက်စပ် လုပ်ကိုင်ရသော ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရန်အတွက် ကျင့်ဝတ်ရေးဆွဲထားခြင်း ရှိ/မရှိ စိစစ်ရန်နှင့် ကျင့်ဝတ်ရေးဆွဲထားခြင်း မရှိသော စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၌ ရောထွေးလက်ခံ ဆောင်ရွက်ခြင်းမပြုရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်မှုများ

ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၂ (ခ) အရ ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းများအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ၊ သင့်လျော်သော ထိန်းချုပ်မှုနည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရေး အတွက် ၁၉.၁၁.၂၀၁၈ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစည်းများအတွင်း ကျင့်ဝတ်များရေးဆွဲနိုင်ရေးနှင့် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများချမှတ်နိုင်ရန်အတွက် အခြေခံအချက် ၈ ချက်ပါဝင်သည့် အမိန့်ကြော်ငြာစာအမှတ်  ၁၄/၂၀၁၈ ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထို့အပြင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုအသွင်အမျိုးမျိုးကို ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ သိက္ခာရှိမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီနည်းလမ်းများ ကိုင်စွဲ၍ စဉ်ဆက်မပြတ်တိုက်ဖျက်နိုင်ရေးနှင့် အသင်းချုပ်အသင်းဝင်အားလုံးအတွက် ကျင့်ဝတ်များပြုစုရေးဆွဲနိုင်ရန် ရည်ရွယ်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကြေညာချက်” တစ်ရပ်ကို ၂.၇.၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အလားတူ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန (Myanmar Centre for Responsible Business) တို့နှင့် ပူးပေါင်း၍ “မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ် ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာဆိုင်ရာ လက်စွဲစာအုပ်” ကိုလည်း ပြုစုခဲ့ပါသည်။

ကျင့်ဝတ်အခြေခံသန္နိဋ္ဌာန်

ဤကော်မရှင်အနေဖြင့် နိုင်ငံတကာစံနှုန်းများအရ ကျင့်ဝတ်နှင့်ညီသော ဖြောင့်မတ်တည်ကြည်မှု ကို အခြေခံသန္နိဌာန်နှင့် အလေးထားသော အဖွဲ့ အစည်းဖြစ်သဖြင့် မှန်ကန်သောကျင့်ဝတ်များ ရေးဆွဲ၍ ကျင့်ဝတ်သိရှိ လိုက်နာစောင့်ထိန်းမှု အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျင့်ဝတ်နှင့်အညီ သမာသမတ်ကျစွာ ဆောင်ရွက်နိုင်ရေးကို ဉီးတည်၍ နိုင်ငံတစ်ဝန်းတွင် အဂတိ လိုက်စားမှု မပြန့်ပွားရေးနှင့် ကျင့်ဝတ်ဖောက်ဖျက်မှု အလေ့အထများကို အများပြည်သူနှင့်လက်တွဲ တားဆီး ဆောင်ရွက်ရန် လိုပါသည်။ ကော်မရှင်ကျင့်ဝတ်နှင့်အညီလည်း ဘက်လိုက်မှုကင်းသည့် ကျင့်ဝတ်စံနှုန်းများ လက်ကိုင်ထားကာ ပြည်သူတို့နှင့်အတူ လက်တွဲ၍ “အဂတိပယ်ခွာ ပြည်သာယာရေး” ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရည်ညွှန်းကိုးကားသည့် စာအုပ်/စာစောင်များစာရင်း

  Annual Reports of Anti-Corruption Commission 

  ကော်မရှင် ကျင့်ဝတ်

  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ

  မြန်မာကုမ္ပဏီများအတွက် စီးပွား‌ရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာ ဆိုင်ရာ လက်စွဲစာအုပ်

ရေးသားသူ-လင်းလက်

ဆက်စပ် သတင်းများ