၂၇.၄.၂၀၁၈ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့်(ဥပဒေ)၏ "မျှတသော တရားခွင်" ဆောင်းပါး

  • Tue, 8 May 2018

ရှေ့နေ

ကျွန်တော်သည် တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ်တစ်ဦး ဖြစ်ပါသည်။ ရှေ့နေတစ်ဦးဖြစ်သည်ဆိုပါစို့။ ရှေ့နေတစ်ဦးဖြစ်ခြင်းကြောင့် တရားခွင်မျိုးစုံသို့ အမှုလိုက်ဖူးပါသည်။ တရားသူကြီးမျိုးစုံ (အဆင့်ဆင့်) ကြုံဖူးပါသည်။ အမှုစစ်၊ သက်သေစစ်၊ လျှောက်လဲချက်ပေး၊ တစ်ဖက်ရှေ့နေနှင့် ငြင်းခုံ၊ တရားသူကြီးအမိန့်ချသည်ကို နာခံ စသည် စသည်ဖြင့် တရားခွင် အတွေ့အကြုံ အတော်စုံခဲ့ပါသည်။

တရားလို၊ တရားခံ

တရားလိုနှင့် တရားခံဟူ၍ ဘက် နှစ်ဖက်ရှိပါသည်။ တရားလိုအကျိုးဆောင်(အစိုးရရှေ့နေ)အဖြစ် (ဥပဒေအရာရှိ)အဖြစ် နှစ်ပေါင်းသုံးဆယ်ကျော်၊ အငြိမ်းစားယူပြီး၍ ဆယ်နှစ်နီးပါး ရှေ့နေလိုက်၊ စုစုပေါင်း အနှစ်လေးဆယ်ကျော် ရှေ့နေလုပ်သက်ရှိသည်ဟု ပြောနိုင်ပါသည်။ နှစ်ပေါင်း ၄၀ ကျော်သော်လည်း တရားခွင် အတွေ့အကြုံပြည့်စုံပြီဟုကား ဘယ်သောအခါမှ မယုံကြည်မိပါ။ တရားဥပဒေ၏ ပင်လယ်ပြင်ကြီးက ကျယ်ပြောလှပါဘိ။

မျှတသောတရားခွင်

"မျှတသောတရားခွင် ကြားနာစစ်ဆေးမှုဆိုင်ရာ အခွင့်အရေးများကို မြန်မာနိုင်ငံက လေးစားလိုက်နာမှုကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်"  အမည်ရှိ စာအုပ်တစ်အုပ်ကို အစည်းအဝေးတစ်ခုမှာ ဝေငှ၍ လက်ခံရရှိပါသည်။ မြန်မာနိုင်ငံတွင်လေ့လာစောင့်ကြည့်ခြင်း ဟူ၍ ခေါင်းစဉ်အမည် ပေးထားပါသေးသည်။

၂၀၁၇ အောက်တိုဘာလတွင် Justice Base က ထုတ်ဝေပါသည်။ Justice Base သည် ဒေသခံရှေ့နေများ၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါသည်။ တရားဥပဒေစိုးမိုးရေး ရှေ့ဆောင်လုပ်ဆောင်ချက်များကို ကူညီထောက်ပံ့ပါသည်။ အသွင်ကူးပြောင်းရေးကာလနှင့် ပဋိပက္ခဖြစ်ပွားပြီးကာလအတွင်းရှိ လူ့အဖွဲ့အစည်းများတွင်  တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးပါသည်။  ရှေ့နေစွမ်းရည်များ ခိုင်မာစေရန်လည်းကြိုးပမ်းပါသည်။

မြန်မာ့တရားစီရင်ရေးစနစ်အကြောင်း

မြန်မာ့တရားစီရင်ရေးစနစ်အကြောင်းကို ဤစာအုပ်တွင် အတော်အတန် ဖော်ပြထားပါသည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲများအပြီး (၁၈၂၄ မှ ၁၈၈၅) ကွန်မွန်းလောစနစ်  (Common Law System) အကြောင်း၊ အိန္ဒိယကိုလိုနီအုပ်ချုပ်ရေးအကြောင်း၊ တရားမကျင့်ထုံးဥပဒေ(၁၉၀၈)၊ ရာဇသတ်ကြီးဥပဒေ (၁၈၆၀)၊ ရာဇဝတ်ကျင့်ထုံးဥပဒေ(၁၈၉၈) တို့အကြောင်း သမိုင်းအကျဉ်း ဖော်ပြထားပါသည်။

တရားရုံးစနစ်

တရားရုံးစနစ်ဘာလဲ။ မြို့နယ်၊ ခရိုင်အဆင့်၊ ဝရမ်းမှု၊ သမ္မာန်မှု၊ ထောင်ဒဏ်၊ ငွေဒဏ်၊ ရဲအရေးပိုင်၊ မပိုင်၊ ဥပဒေအရာရှိများအကြောင်းများလည်း ဖော်ပြထားသည်။

မျှတသောတရားခွင်

အကြောင်းအရာမျိုးစုံအနက် မျှတသော တရားခွင်အကြောင်းကိုမူ စိတ်ဝင်စားမိပါသည်။ ပို၍ စိတ်ဝင်စားခြင်းပါ။ လေ့လာစရာလည်း ဖြစ်ပါသည်။ ခုခံချေပမှု ရရှိပိုင်ခွင့်ခေါင်းစဉ်အောက်တွင် နိုင်ငံတကာစံချိန်စံညွှန်းများအကြောင်း၊ ပြည်တွင်းစံချိန်စံညွှန်းများအကြောင်း၊ လေ့လာတွေ့ရှိချက်နှင့် ခွဲခြမ်းစိတ်ဖြာမှု ဟူ၍ ပြုစုတင်ပြထားပါသည်။ မှတ်သားစရာများ ဖြစ်ပါသည်။

ရှေ့နေနှင့်အမှုသည်

ရှေ့နေနှင့် အမှုသည်(အချုပ်ခံတရားခံ)အကြောင်း ရေးထာသည်များမှာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ အချုပ်ထဲရောက်နေသော အမှုသည်အား ရှေ့နေက တွေ့ခြင်း နည်းပါးသည်။ အကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်။ အဖြေရှာ၍ ကြည့်ပါစို့။

"ရှေ့နေပါလျှင် အမှုကြာသည်"ဟု ပြောလေ့ရှိသည်။ ရှေ့နေမပါလျှင် တရားခံက  မြန်မြန်ဝန်ခံတတ်သည်။ အမှုမြန်မြန်ပြီးတတ်သည်ဟု ပြောသူကပြောသည်။

တရားသူကြီးက ရှေ့နေမေးခွန်း(အရှည်ကြီးမေးလျှင်) ဟန့်တားတတ်ကြောင်း၊ အမှုကြာကြောင်း၊ မကြာခဏ အဖြစ်အပျက်များ ကြုံဖူးသည်။ "ဒီမေးခွန်းမေးဖို့မလိုဘူး" ဟု ပြောသော တရားသူကြီးရှိသည်။ သက်သေခံဥပဒေနှင့်အညီပြောတာပါဟု ထောက်ပြသူလည်းရှိသည်။ အဓိကအခြေခံက ဘာလဲ။

မကြာခဏရုံးချိန်းခြင်း

အမှုမစစ်ဘဲ မကြာခဏရုံးချိန်းပေးတာတွေ ရှိသည်။ ဘာကြောင့်လဲ။ သက်သေမလာ၍ ချိန်းသည်။ အခြားအကြောင်းကြောင့် ချိန်းသည်။ အမှုဘာကြောင့်ကြာသလဲ။ အမှုနေ့စဉ်မှတ်တမ်းက သက်သေခံသည်။ သက်သေမစစ်ရသေး၍ တရားခံအား အာမခံမပေးနိုင်သေးပါ။ သက်သေကလည်း မလာ။ ဘာကြောင့် မလာသလဲ။ ထဲထဲဝင်ဝင် မသိ။ ရှေ့နေလည်း မငှားနိုင်။ သူနိုင်ငါနိုင်။ ဘယ်လိုပြိုင်ကြမှာလဲ။ ရဲအရာရှိကသက်သေဖြစ်သည်။ သို့သော် ထိုရဲအရာရှိမှာ လုံခြုံရေး လိုက်သွားရသည်။ နယ်ဝေးပြောင်းသွားရသည်။ ဘာလုပ်မလဲ။ ဥပဒေ၊ နည်းလမ်းတွေတော့ ရှိသည်။ လက်တွေ့မှာ မည်သို့ ရှင်းလင်းကြသလဲ။ အဖြစ်မှန်တွေလား။

တရားခွင်မှာ

တရားခွင်မှာ တယ်လီဖုန်းပြောသော တရားသူကြီး၊ ခဏဆင်းသွားသော တရားသူကြီး၊ တရားသူကြီး ပြန်မတက်မီ တရားခွင်စာရေးနှင့်သာ အမှုစစ်ဆေးသလား။ နှစ်ဖက်ရှေ့နေတော့ရှိသည်။ စာရေးက လိုက်ရေး။ သက်သေအားလုံးစစ်ပြီးမှ တရားသူကြီးက တရားခွင်ပေါ်သို့ ပြန်တက်လာသည်။ အရေးပေါ်ကိစ္စ ပေါ်သောကြောင့် ဤသို့ဖြစ်ရသည်လား။

ဝန်ခံလျှင်တစ်နှစ်

အပြစ်ဝန်ခံလျှင် ထောင်တစ်နှစ်၊ ဝန်မခံလျှင် ထောင်သုံးနှစ်၊ တရားခံက ကြောက်၍ ဝန်ခံသည်။ ဤ အဖြစ်မျိုးရှိသည်ဟု ပြောသည်။ တကယ်လား။ မှန်သလား။

တရားဝင်မဟုတ်​သော အခကြေးငွေ

တရားဝင်မဟုတ်သော အခကြေးငွေပေးရတတ်သည်။ ကိုယ်သဘောတူ၍ ပေးခဲ့သည်ပဲ။ ပြီးမှ အပြစ်ရှာခြင်းလား။ သူအပြစ် ကိုယ်အပြစ်၊ ဇာစ်ဇာစ်မြစ်မြစ် အဖြေရှာရမှာပါ။သဘောမတူဘဲ ပေးရသည်ကိုဖြင့် ပြဿနာရှာမည်လား။ ဘယ်လိုလဲ။

မိတ္တူကူးခြင်း

စီရင်ချက်မိတ္တူမှအစ မိတ္တူအမျိုးမျိုး ကူးကြသည်။ နည်းဥပဒေရှိပြီးသားပါ။ ရှေ့နေတိုင်းသိပြီးသားပါ။  အတွေ့အကြုံများသော တရားခွင်စာရေးများအကြောင်း ရေးစရာမလိုပါ။ လုပ်ဖော်ကိုင်ဖက်အဖြစ်  စေတနာ ဝေဖြာကြသည်ပါ။ စေတနာထက် ပိုလျှင် ဝေဒနာဖြစ်တတ်သည်ကိုကား အများသိကြသည်။ လောဘတက်လျှင် သောကဖက်လာတတ်သည်။ ဤကိစ္စကြာပြီ။

ခုခံချေပမှု

ခုခံချေပမှုရရှိခြင်း (အပြည့်အဝရရှိခြင်း)သည် တရားစီရင်ရေး၏ အနှစ်သာရဖြစ်ပါသည်။ ခုခံချေပမှုအနှစ်သာရကို တရားခံတို့ သိပါစေ။ မသိလျှင် သိအောင်၊ မတတ်လျှင်တတ်အောင် လုပ်ပေးကြပါဖို့  အရေးကြီးလှပေသည်။ ဘယ်သူ့တာဝန်လဲ။ ဥပဒေအထောက်အကူပြုအဖွဲ့များ၏ ကဏ္ဍအရေးပါသည်။ ဝိုင်း၍ စဉ်းစားကြပါ။

လုံလောက်သောအချိန်

လုံလောက်သောအချိန်နှင့် ပံ့ပိုးပေးမှုရရှိပိုင်ခွင့်များ၊ သက်ဆိုင်သူများ ဘာလုပ်ကြမလဲ။ အများသိပါစေ။ ကြန့်ကြာမှုတွေ ဘယ်နေရာမှာ ကြာနေသလဲ။ သာမန်ကြန့်ကြာမှုလား။ ရည်ရွယ်ချက်နှင့် "တစ်" နေတာလား။ အဖြေရှာသင့်ပြီ။ အားမနာသင့်။

လွတ်လပ်၊ သမာသမတ်

လွတ်လပ်သည်။ သမာသမတ်ကျသည်။ ကြားနာစီရင်မှု အခွင့်အရေး အပြည်အဝရသည်။ အများပြည်သူရှေ့မှာ ဖြစ်သည်။ ပွင့်လင်းမြင်သာသည်။ အမှီအခိုကင်းသည်။ စောင့်ကြည့်လေ့လာသူမှန်သမျှ ခွင့်ပြုသည်။

နောက်ဆက်တွဲများ

          ၁။      ရှေ့နေ

          ၂။      အာမခံပေးခြင်း

          ၃။      လာဘ်ပေးလာဘ်ယူကိစ္စ

          ၄။      ရဲအရေးပိုင်၊ မပိုင်

          ၅။      နေ့စဉ်မှတ်တမ်း

          ၆။      ဥပဒေအရာရှိ

          ၇။      မိတ်ဖက်ရှေ့နေများ

          ၈။      ရီမန်ကြားနာမှု

          ၉။      ရှာဖွေပုံစံကိစ္စ

          ၁၀။   သမ္မာန်မှု

          ၁၁။    ဝရမ်းမှု

          ၁၂။    မစွတ်ဖက် မနှောက်ယှက်ရေး

          ၁၃။    သမာသမတ်ကျမှု

          ၁၄။    လုံခြုံရေး စသည်များ ဆက်၍လေ့လာပါ။

စေတနာ

ရှေ့နေတစ်ဦးအနေနှင့် ဘယ်သူ့ကိုမှ အပြစ်မပြော။ အပြစ်မရှာ။ "မျှတသော တရားခွင်မှာ ကြားနာစစ်ဆေးခွင့်ရလျှင် ပျော်စရာ၊ ကြည်းနူးစရာ၊ ဥပဒေအရာ လင်းလက်စေသည်ပါ" ဟု မျှတသော တရားခွင်ကြားနာစစ်ဆေးမှုစာအုပ် (Justice Base) လေ့လာပြီး တွေးမိသော ကျွန်တော်၏ စေတနာဥပဒေ အတွေးမျှသာပါ……။   ။

ဆက်စပ် သတင်းများ