အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက် အစည်းအဝေး

  • Wed, 7 February 2018

        ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Edsa Shangri-la ဟိုတယ်၌ ၂၇-၁၁-၂၀၁၇ ရက်နေ့မှ ၂၉-၁၁-၂၀၁၇ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်တို့ပါဝင်တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးသို့ အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SEA-PAC) ၏ အဖွဲ့ဝင်များဖြစ်ကြသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB)၊ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ယူနစ် (ACU) ၊ အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်(KPK)၊ လာအိုနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (SIAA)၊ မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC)၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACCM)၊ ဖိလစ်ပိုင်နိုင်ငံ အစိုးရဌာနများအပေါ် တိုင်ကြားချက်များ စုံစမ်းစစ်ဆေးရေးအရာရှိရုံး (OMB)၊ စင်္ကာပူနိုင်ငံ အဂတိလိုက်စားမှု စုံစမ်း စစ်ဆေးရေးဗျူရို (CPIB)၊ ထိုင်းနိုင်ငံ အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  (NACC) နှင့်ဗီယက်နမ်နိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးဌာန (GIV) မှ အကြီးအကဲများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၃၄) ဦးခန့် တက်ရောက်ပါသည်။

                   ဖိလစ်ပိုင်နိုင်ငံ OMB သို့ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်စဉ်

          အစည်းအဝေးနှင့်အတူ Side Event အဖြစ် ဖိလစ်ပိုင်နိုင်ငံ အစိုးရဌာနများအပေါ် တိုင်ကြားချက် များ စုံစမ်းစစ်ဆေးရေးအရာရှိရုံး (OMB) နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး (United Nations Office on Drugs and Crime- UNODC) တို့ ပူးပေါင်းပြီး "Implementing UNCAC Articles 10 and 13 in Southeast Asia; Anti-Corruption Agencies' Role" ​ခေါင်းစဉ်ဖြင့် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၉-၁၁-၂၀၁၇ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲသို့ အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ ၁၃ ကြိမ် မြောက် အစည်းအဝေး တက်ရောက်သူများ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များမှ ကိုယ်စားလှယ် များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

              အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပိုမိုခင်မင် ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်း၊ မိမိတို့ထက် အတွေ့အကြုံရင့်ကျက်သည့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းဆောင် ရွက်မှု အခြေအနေများကို သိရှိရခြင်း၊ အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ Action Plan (2017-2019) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို အခြား အဖွဲ့ဝင်နိုင်ငံများသို့ အသိပေးတင်ပြနိုင်ခြင်း၊ ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဥက္ကဋ္ဌ အနေဖြင့် တာဝန်ထမ်းဆောင်စဉ် နှစ်ပတ်လည်အစည်းအဝေးနှင့် အတွင်းရေးမှူးရုံးအဖွဲ့ အစည်းအဝေးတို့ကို လက်ခံကျင်းပခြင်း အပါအဝင်  မိမိတို့မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏လုပ်ဆောင်ချက်များကို အစည်းအဝေး သို့ တင်ပြနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။