အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SEA-PAC)၏ (၁၃) ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း

  • Sun, 21 January 2018

      မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SouthEast Asia Parties Against Corruption- SEA-PAC)၏ (၁၃)ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် The Hotel Royal ACE Hotel ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

       အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း၊ SEA-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

   အစီအစဉ်အရ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်သဘာပတိအဖြစ် လက်ခံကျင်းပ ခွင့်ရခြင်းကြောင့် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် (SEA-PAC) အဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး (SEA-PAC)အဖွဲ့က နှစ်စဉ် ကျင်းပ လျက်ရှိသော နှစ်ပတ်လည်အစည်းအဝေးများ၊ ရုံးအဖွဲ့အစည်းများသို့ မပျက်မကွက် တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်း များကို အတူတကွပူးပေါင်း လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ SEA-PAC ၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကိုလည်း အိမ်ရှင်သဘာပတိအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ အောင်မြင်စွာ လက်ခံကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ အထူးသတင်းကောင်း တစ်ခုအနေဖြင့် မိမိတို့ကော်မရှင်မှာပင် SEA-PAC အဖွဲ့ကြီးသည် အာဆီယံအသင်းကြီး၏ Entity တစ်ခုအဖြစ် တရားဝင်အသိအမှတ် ပြုခြင်းခံရခြင်း ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသိအမှတ်ပြုခဲ့ရခြင်း သည်လည်း မိမိတို့ SEA-PAC အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၏ ရလာဒ် ဖြစ်ပါကြောင်း၊ (၁၂)ကြမ်မြောက် SEA-PAC အစည်းအဝေးမှ ဆွေးနွေးအတည်ပြုချက် အရ SEA-PAC Action Plan (2017-2019) ကို SEA-PAC အဖွဲ့ဝင်နိုင်ငံများအလိုက် အတည်ပြုပြီးဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးမှ အောင်မြင်ပြည့်စုံမှုရှိသော ရလာဒ် ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

        ယင်းနောက် အစည်းအဝေးအစီအစဉ်အရ အိမ်ရှင်မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်၍ အစည်းအဝေးအစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ပါ သည်။

        SEA-PAC အဖွဲ့ဝင်နိုင်ငံများ၏ ရုံးအဖွဲ့အစည်းအဝေးအား အလှည့်ကျ နိုင်ငံအလိုက် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးက သဘာပတိ အဖြစ် တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးကို မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။