အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

  • Tue, 17 May 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်


နေပြည်တော်  မေလ ၁၇ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်နှင့် ဖြောင့်မတ် တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

    အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

    အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက တက္ကသိုလ် အဆင့်ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆောင်ရွက်ရာတွင်  ရည်ညွှန်းကိုးကားနိုင်ရန်နှင့် သင်ခန်းစာများအဖြစ် ထည့်သွင်းရေးဆွဲသင်ကြားနိုင်ရန် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် တရားစွဲဆို အရေးယူရုံမျှသာမက၊ ကော်မရှင်အနေနှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်ပေးသည့် အပြုသဘောဆောင်သော နည်းလမ်းကို  ပိုမိုအလေးထားကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းနှင့် ယဉ်ကျေးမှုကို စာသင်ကျောင်းများမှ စတင်ပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ ကော်မရှင်၏ အသိပညာပေးကဏ္ဍ၌ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးလှပါကြောင်းနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်းဖြင့် ပြောကြား သည်။

    ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေထံသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၃) စာအုပ်ရေစုစုပေါင်း ၄၀၀၀ အုပ် အား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကော်မရှင် ဉက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၂)နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၃) တို့ကို ပြုစုထုတ်ဝေဆောင်ရွက်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လွှဲပြောင်းပေးအပ်သည့် တက္ကသိုလ် အဆင့်ရည်ညွှန်းစာစောင်များသည် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုထုတ်ဝေခြင်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ အဂတိလိုက်စားမှုကင်းစင်ပြီး ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ကောင်းမွန်သည့် နိုင်ငံသားကောင်းဖြစ်လာစေရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များကို သက်ဆိုင်ရာတက္ကသိုလ်များ အသီးသီးသို့ ဆက်လက်ပေးပို့ဖြန့်ဝေပြီး တက္ကသိုလ်စာကြည့်တိုက် များတွင်ထားရှိကာ ကျောင်းသားများ ဖတ်ရှုလေ့လာစေ၍ အသိပညာပေးရေးဆိုင်ရာ အခမ်းအနားများ၊ ဆွေးနွေးပွဲများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပေးပါသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌကြီးနှင့်တကွ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား ပညာရေးဝန်ကြီး ဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

    ယခင်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အနေဖြင့် ပြုစုထုတ်ဝေခဲ့သည့် အခြေခံပညာမူလတန်းအဆင့် ဆရာကိုင်စာအုပ်၊ အခြေခံပညာအလယ်တန်းအဆင့် ဆရာကိုင်စာအုပ်၊ အခြေခံပညာအထက်တန်းအဆင့် ဆရာကိုင်စာအုပ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၁)၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)နှင့် (၂)တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ဆက်စပ် သတင်းများ