အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ ဖွင့်လှစ်ခြင်း

  • Fri, 20 November 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ ဖွင့်လှစ်ခြင်း


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊   ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားအစီအစဉ်အရ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံမှ အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်အနေနဲ့ လုပ်ငန်းတာဝန်များကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ကာ နိုင်ငံတော်သမ္မတကြီး၏ မူဝါဒလမ်းညွှန်ချက်များအား အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းမှာ နှစ်ကာလကြာရှည်စွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိလိုက်စားမှု ပြဿနာများကို အစိုးရအနေဖြင့် နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာ ကိုင်တွယ်ဖြေရှင်းပေးနေစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ ကို ဖွင့်လှစ်ပေးရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကော်မရှင်၏ လုပ်ငန်းစဉ်(၃)ရပ်ဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်း တို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ ဖွင့်လှစ်ဆောင်ရွက်ခွင့်ရအောင် စီစဉ်ဆောင်ရွက် ပေးပါသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်နှင့် တာဝန်ရှိ သူများအား မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများ၏ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် “အဂတိ ပယ်ခွာ ပြည်သာယာ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အဂတိလိုက်စားမှုကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားကြရန် ဆန္ဒပြုကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ကော်မရှင်၏ လုပ်ငန်းများကို တင်ပြရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် နိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့် လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူဘဝများ သာယာဝပြောလာစေရန် ရည်မှန်းချက် ထားရှိပါကြောင်း၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားတာဝန်တစ်ရပ်အနေ ဖြင့် ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူ ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်လမြိုင်မြို့တွင် ကော်မရှင် ရုံးခွဲ ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လက်လှမ်းမီစွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲများသို့ တိုင်ကြားစာများပေးပို့ခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ဆက်လက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲ အဆောက်အဦ လွှဲပြောင်းလက်ခံခြင်းဆိုင်ရာ စာရွက်စာတမ်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက် အဦး ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)၊ အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးမှ ပေးအပ်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်မှ လက်ခံရယူခဲ့ပါ သည်။

 

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဂတိလိုက်စား မှု  တိုက်ဖျက်ရေးကော်မရှင် မော်လမြိုင်ရုံးခွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍လည်းကောင်း ရုံးအဆောက်အအုံအား မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် ကော်မရှင်အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရေဖြင့် ပက်ဖြန်းပေးခဲ့ကြပါသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်မည့် RCC(၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦအတွက် ပန္နက်တော်တင် အခမ်းအနားအား ဆက်လက်ကျင်းပကာ အခမ်းအနားကို နံနက်(၉:၄၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

 

နေပြည်တော်ကော်မရှင်ရုံးအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ များကို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတို့၌ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် တောင်ကြီးနှင့်မော်လမြိုင်တို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနမှ လွှဲပြောင်းပေးခဲ့သော ရုံးအဆောက်အအုံနှင့် မြေနေရာများကို ပြင်ဆင်၍ ရုံးခွဲအဖြစ် ထပ်မံ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်နိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။