20th Anniversary of UN Global Compact Leaders’ Summit တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌမှ ပါဝင်ဆွေးနွေးခဲ့ခြင်း

  • Wed, 17 June 2020

20th Anniversary of UN Global Compact Leaders’ Summit တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌမှ  ပါဝင်ဆွေးနွေးခဲ့ခြင်း


နေပြည်တော် ဇွန်လ ၁၆ ရက်

        United Nations Global Compact (UNGC) မှ ကြီးမှူးကျင်းပသည့် UN Global Compact Leaders’ Summit (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ Virtual Format ဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ပါသည်။

        အစည်းအဝေး ပထမနေ့ (ဇွန်လ ၁၅ ရက်နေ့) တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Antonio Guterres နှင့် UN Global Compact ၏ အမှုဆောင်ဒါရိုက်တာ Ms. Lise Kingo တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။



        အစည်းအဝေး၏ ဒုတိယနေ့ (ဇွန်လ၁၆ရက်နေ့) တွင် “Myanmar: Challenges and Opportunities for the Government and Business to Join Forces in Preventing Corruption” ခေါင်းစဉ်အား မြန်မာနိုင်ငံရှိ UNODC ရုံးမှ တာဝန်ရှိသူများဖြစ်သည့် Ms. Marie-Laure Pegie Cauchois နှင့် Ms. Alma Sedlar တို့ကလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်နှင့် EuroCham Myanmar မှ Executive Director Mr. Marc de la Foundiere တို့ကလည်းကောင်း ဗီဒီယိုဖိုင်ဖြင့် မြန်မာစံတော်ချိန် ၀၈၃၀ နာရီမှ ၁ဝ၀၀နာရီ အထိ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။


ကော်မရှင်ဥက္ကဋ္ဌက ပါဝင်ဆွေးနွေးရာတွင်-

  • ကော်မရှင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပူးပေါင်း ဆောင်ရွက်ရန် ၂၀၁၈ခုနှစ် ဇွန်လတွင် နားလည်မှုစာချွန်လွှာ(MoU)ကို  လက်မှတ် ရေးထိုးနိုင်ခြင်းသည် လက်ရှိကော်မရှင်စတင်တာဝန်ယူခဲ့သည့် ၂၀၁၇ နိုဝင်ဘာလမှ အချိန်တိုအတွင်းဆောင်ရွက်နိုင်ခြင်းဖြစ်၍ အစိုးရနှင့်ပုဂ္ဂလိက ကုမ္ပဏီများအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်စွာ အလုပ်လုပ်ကိုင်ရေး တို့အတွက် စိတ်ဆန္ဒပြင်းပြမှုကို ဖော်ပြခြင်းဖြစ်ကြောင်း၊
  • ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စီးပွားရေး လုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ များစွာကို အစိုးရအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊
  • စီးပွားရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ရန်အတွက် အခြေခံစည်းမျဉ်း (၈)ချက်နှင့်အညီ အဂတိလိုက်စားမှုကို ဆန့်ကျင်သော ကျင့်ဝတ်များရေးဆွဲ လိုက်နာသွားရန် ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၈)ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့ကြောင်း၊
  • အလားတူ ၂၀၁၈ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများနှင့်ကုမ္ပဏီများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကျင့်ဝတ်များကို ရေးဆွဲလိုက်နာရေး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း၊

    ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ ဖွဲ့စည်းရေး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုဖြစ်စေခဲ့ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုအနေဖြင့် -

  • စီးပွားရေးလုပ်ဆောင်ရန် ခွင့်ပြုချက်များ၊ လိုင်စင်များ၊ ထောက်ခံချက်များကို လျှောက်ထားရာတွင် အခက်အခဲများနှင့် အချိန်ကြန့်ကြာခြင်း ကိစ္စရပ်များ ရှိနေဆဲဖြစ်ခြင်း၊
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် အရေးယူဆောင်ရွက်လျက်ရှိသော နယ်ပယ်များရှိသော်လည်း အချို့သောနယ်ပယ်များတွင် အဂတိလိုက်စားသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း၊
  • ဖြောင့်မတ်တည်ကြည်မှုရှိစေရန် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကြေညာချက်နှင့် အမိန့်များတွင်လည်း လုံလောက်စွာ ပြောင်းလဲနိုင်မှု မရှိသေးခြင်း၊
  • လူ့အဖွဲ့အစည်းအတွင်း ကာလကြာရှည်စွာ အမြစ်တွယ်လျက်ရှိသည့် အဂတိလိုက်စားမှုကြောင့် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အဘက်ဘက်က ဖြောင့်မတ်တည်ကြည်မှုရှိသောနည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်ရန် ခက်ခဲလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်စပ် သတင်းများ