အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း

  • Thu, 11 June 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း


ရန်ကုန်ဇွန်၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်းစာစောင်များကို မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့ လွှဲပြောင်းပေးအပ်ခြင်းကို ၁၀-၆-၂၀၂၀ ရက်နေ့ နေ့လည် ၀၂:၀၀ နာရီ၌ ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်ဒေါက်တာသန်းမြင့်နှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာ တွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းသည် အကောင်းဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အထိရောက်ဆုံး ရေရှည်လုပ်ဆောင်ချက်ဖြစ်သည်နှင့်အညီ အသိပညာပေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး ပျံ့နှံ့စေရန်အတွက် ၂၀၁၉ ခုနှစ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသားလူငယ်များအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး လူငယ်စခန်းများကို နေပြည်တော်နှင့် မန္တလေးတို့တွင်လည်းကောင်း ပြုလုပ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်အနေဖြင့် အခြေခံပညာမူလတန်းအဆင့်မှ စတင် ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့် ဆရာကိုင်စာအုပ်များကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ပညာရေ:ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အထက်တန်းအဆင့် ရည်ညွှန်းစာစောင်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း၊ မကြာခင်လည်း ဆက်လက် လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ယခုလှုဒါန်းမည့် စာစောင်များမှာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ ဖြစ်ကြောင်း၊ ယင်းရည်ညွှန်းစာစောင်များသည် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး စိတ်ဝင်စားသူများ ဖတ်ရှု လေ့လာနိုင်ရေးအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး၏ University Module Series မှ အဓိကကျသော အကြောင်းအရာများကို အလွယ်တကူ အဆင်ပြေစွာ လေ့လာနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားသည့်အပြင် စိတ်ဝင်စားသူများအနေဖြင့် ကျယ်ကျယ်ပြန့် ပြန့် လေ့လာနိုင်ရေးအတွက် မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးသားချက်အပြည့်အစုံကိုလည်း Module အလိုက် ထည့်သွင်းရေးသားပြုစုထားကြောင်း၊ ယင်း Module Series များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကိုသုံးသပ်၍ စနစ်တကျ ရေးသားပြုစုထားသော စာစောင်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

ယခုလွှဲပြောင်းပေးသည့် ရည်ညွှန်းစာစောင်များကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးသည် ဖြောင့်မတ် တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့လိုက်နာ ကျင့်ကြံအား ထုတ်တတ်စေရန်၊ အခြေခံစည်းကမ်း မူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်းအတွက် အကျိုးပြုသူများဖြစ်လာစေရန်၊ မိမိတို့လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်း မွန်သော အတွေးအမြင်များ ရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏လုပ်ဆောင်မှုတိုင်းအတွက် တာဝန်ယူမှု ရှိစေရန်၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ် တည်ကြည်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်အပြင် နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးရာတွင် ဤစာစောင်ကို လေ့လာ အသုံးပြုသွားရန် စသည့်ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရေးသားပြုစုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အဂတိလိုက်စားမှုအကြား ထင်ရှားသည့်ဆက်နွယ်မှုများရှိကြောင်း၊ လူ့အခွင့်အရေး အပြည့်အဝခံစားနိုင်ရေးတွင် အဂတိလိုက်စားမှုသည် အဟန့်အတားတစ်ခုဖြစ်နေ ကြောင်းဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အစဉ်ထောက်ပြလျှက်ရှိကြောင်း၊ မိမိတို့၏ နယ်ပယ်နှစ်ရပ်သည် အချင်းချင်းဆက်စပ်နေကြောင်း တွေ့ရှိရသဖြင့် ဆက်စပ်လေ့လာ ဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးချနိုင်ရန်အတွက်လည်းကောင်း လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 ထို့နောက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ အခြား ကော်မရှင်၊ အဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာများကို ထိန်းကြောင်းနေသည့်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တွင်လည်း အကျိုးရှိကြောင်း၊ ယခုလှူဒါန်းသည့် ရည်ညွှန်းစာစောင်များသည် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အတွက် အကျိုးရှိသည့် စာရွက်စာတမ်းများ ဖြစ်ကြောင်း၊ လူထုကြားတွင် ကျင့်ဝတ်နှင့် ဖြောင့်မတ် တည်ကြည်မှု တိုးတက်လာရန် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာများ တိုးတက်လာမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့် စာစောင်များကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ အသိပညာပေးမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးချနိုင်မည်ဖြစ်၍ ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ထုတ်ဝေသည့်စာစောင်များ ပြန်လည်ပေးအပ်ပြီး (၁၄:၂၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

ဆက်စပ် သတင်းများ