အသိပေးတင်ပြချက်

  • Sat, 29 February 2020

နေပြည်တော် ဖေဖော်ဝါရီလ( ၂၉ )ရက်


    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၂၅)လမ်း၊ အိမ်အမှတ်(၉၇၁)နေ ဦးမင်းသူ (ယခင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့)က ညောင်တုန်းမြို့နယ်အတွင်းမှ ဝန်ထမ်းနှစ်ဦးအား ၎င်းတို့နှင့်ပတ်သက်သော တိုင်စာများ၊ အမှုတွဲများ အဂတိအဖွဲ့သို့ ရောက်ရှိနေကြောင်း၊ ၎င်းသည် အဂတိကော်မရှင်မှ အတွင်းရေးမှူးဖြစ်ကြောင်း၊ တိုင်စာကိစ္စများအား ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြောဆိုကာ ဝန်ထမ်းနှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀) အား ခြောက်လှန့်တောင်းယူခဲ့ကြောင်း ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        အဆိုပါ တိုင်ကြားချက်အရ ဦးမင်းသူသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အတွင်းရေးမှူးဟု အယောင်ဆောင် ပြောဆိုပြီး ညောင်တုန်းမြို့နယ် ဦးစီးဌာနမှူးနှစ်ဦးထံမှ စုစုပေါင်း ငွေကျပ် သိန်း(၃၀) အား ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ခြောက်လှန့် တောင်းခံရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးမင်းသူ အပေါ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့မရဲစခန်းတွင် ၂၇-၂-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်အမှတ် ၇၆/၂၀၂၀ ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

          သို့ဖြစ်ပါ၍ ဦးမင်းသူကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အမည်ကို အသုံးပြု၍ မလျော်မကန် ဆောင်ရွက်မှုများအား တွေ့ရှိပါက ပြည်သူလူထုအနေဖြင့် ကော်မရှင်သို့ အချိန်မီ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ် သတင်းများ