“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ စခန်းသိမ်းပွဲကျင်းပ

  • Fri, 7 June 2019

“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉  စခန်းသိမ်းပွဲကျင်းပ


နေပြည်တော် ဇွန်

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်းဖွင့်လှစ်သော “ဖြောင့်မတ်တည်ကြည်မှု”လူငယ်စခန်း၂၀၁၉ (Youth Integrity Camp 2019) စခန်းသိမ်းပွဲ အခမ်းအနားကို ယနေ့ ညနေ(၁၅:၂၀)နာရီတွင် သင်္ဂဟဟိုတယ် Grand Ballroom ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စခန်းဝင်ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ကျင့်ဝတ်လိုက်နာသူအဖြစ် အသိအမှတ်ပြုလက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ကော်မရှင်အတွင်းရေးမှူးကလည်းကောင်း တက္ကသိုလ်/ကောလိပ် များမှ ကိုယ်စားလှယ်တစ်ဦးစီအားပေးအပ်ခဲ့ပြီး စခန်းဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ  ကိုယ်စား တောင်ငူပညာရေးကောလိပ်မှ မမြတ်ဖူးငုံစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စခန်းတွင် ဆွေးနွေးပို့ချချက်များမှ သင်တန်းသားများက ထုတ်ဖော်ခဲ့သည့် လူငယ်ထုလိုက်နာရမည့် ကျင့်ဝတ် (၈)ချက်အား တင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးမှ Head of Development Cooperation,        Mr. Anders Frankenberg မှပြောကြားရာတွင် အဂတိလိုက်စားမှုကင်းစင်ရေးအတွက် နိုင်ငံတော် အဆင့်က ပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် လူငယ်များသည် အရေးပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လူငယ်ထုပါဝင်မှုအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ဆွီဒင်နိုင်ငံသည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ဦးစားပေးကြောင်း၊ နိုင်ငံတကာသို့လည်း အကူအညီပေးကြောင်း၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ကြောင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုများကြောင့် ပညာရေး၊ ကျန်းမာရေး ချို့ယွင်းခြင်း၊ လူနေမှုဘဝ ဆင်းရဲခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit-CPU များဖွဲ့စည်းထားသည်ကိုကြိုဆိုပါကြောင်း၊ လူငယ်များ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွက် ဆန်းသစ်သောဖန်တီးမှု အတွေးအမြင်များကို ပြခန်းများ၌ တွေ့မြင်ရသည်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားပါသည်။

          ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဖြောင့်မတ်တည်ကြည်မှု ဆိုသည်မှာ မိမိ၏ တွေးတောကြံစည်မှု၊ နှုတ်မှဖွင့်ဟပြောဆိုမှု၊ လက်တွေ့ပြုမူဆောင်ရွက်မှုတို့သည် လမ်းကြောင်းတစ်ဖြောင့်တည်းဖြစ်နေခြင်းကို ဆိုလိုပါကြောင်း၊ ထိုအချက်သုံးချက်ကို ရည်ရွယ်ချက်ရှိရှိ လွဲချော်စေခဲ့လျှင် ကောက်ကျစ်စဉ်းလဲမှုဖြစ်သွားနိုင်ပါကြောင်း၊ လူတိုင်းသည် “ဖြောင့်မတ်တည်ကြည်မှု” ကို ကျင့်ဝတ်တစ်ခုအနေဖြင့် လိုက်နာကျင့်သုံးသင့်သည်သာမက မိမိတို့၏ လူနေမှုဘဝပုံစံ ဖြစ်လာ စေရန်အတွက်လည်း ကြိုးပမ်းတည်ဆောက်သွားသင့်ပါကြောင်း၊ စခန်းကာလအတွင်း ပြည်တွင်း ပြည်ပ ပညာရှင်များက လူ့အဖွဲ့အစည်းတစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာမှု တို့သည် ဖြောင့်မတ်တည်ကြည်မှုနှင့် မည်သို့သက်ဆိုင်နေသည်ကို စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေးခဲ့ ကြပြီးဖြစ်ပါကြောင်း၊ “ဖြောင့်မတ်တည်ကြည်မှု” သည် လူ့အဖွဲ့အစည်းအတွင်း အဆိုးကျော့ သံသရာကို ရပ်တန့်စေနိုင်ပါကြောင်း၊ “ဖြောင့်မတ်တည်ကြည်မှု”သည် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ ကိုယ်စိတ်နှစ်ပါးအေးချမ်းမှုရရှိစေရန် လုပ်ပေးနိုင်ပါကြောင်း၊ စခန်းကာလအတွင်း လေ့လာသင်ယူရသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာနေသော နိုင်ငံတချို့ကို နမူနာယူ၍ မိမိတို့နိုင်ငံတွင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာစေရန် မျိုးဆက်သစ် တို့က အစွမ်းကုန် ကြိုးစားပေးကြစေလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် ဤဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂၀၁၉) ကို အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် လူငယ်များက ဦးဆောင်လျက် “ဖြောင့်မတ်တည်ကြည်မှု” ဆိုင်ရာ ကျင့်ဝတ်များကို မိမိတို့လူငယ်ထုအတွင်း  ကျယ်ပြန့်စွာ မျှဝေ ဆွေးနွေးရန်နှင့် လိုက်နာကျင့်သုံးရန် တိုက်တွန်းပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းကို ခေါင်းဆောင်မည့် သူတိုင်းသည် သင်ခန်းစာတွင် ဆွေးနွေးခဲ့ကြသည့်အတိုင်း  ပြည့်စုံရမည့် အရည်အချင်းငါးရပ်ဖြစ်သော (၁) နိုင်ငံရေး ကင်းရှင်းမှု၊ (၂)ဘက်လိုက်ခြင်းကင်းမှု၊ (၃)ကြားနေစိတ်ထားရှိမှု၊ (၄) ဖြောင့်မတ်တည်ကြည်မှု၊ (၅)ကိုယ်စိတ်ကျွမ်းကျင်ပြည့်ဝမှုတို့ကိုလည်း  မမေ့မလျော့ လိုက်နာစောင့်ထိန်းသွားကြရန်  လိုအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။      

          ညနေပိုင်းတွင် စခန်းဝင် ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်များသို့ ကော်မရှင်ရုံးမှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ပါသည်။

ဆက်စပ် သတင်းများ