အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦး တို့အပေါ် စီရင်ချက် အမိန့်ချမှတ်

  • Wed, 20 April 2022

နေပြည်တော် ဧပြီလ(   ၂၀ )ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့်အညီအရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းသည် GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ်သက်၍ စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁.၁၉၈သန်းကို  နစ်နာဆုံးရှုံးစေခဲ့ခြင်းကြောင့် ဒေါက်တာထားထားလင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး သည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ ငွေကြေး နစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှုကို ဖြစ်စေခဲ့ခြင်းကြောင့် ဒေါက်တာစိုးဦး အပေါ် ယင်းဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တွင် ၁၅-၁၂-၂၀၂၁ ရက်နေ့၌ တရားစွဲဆို တင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြပြီး ဖြစ်ပါသည်။ 

    ၎င်းအမှုအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦး အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့်ထောင်ဒဏ်  ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ