ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
- Tue, 23 November 2021
နေပြည်တော် နိုဝင်ဘာလ ၂၃ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီလိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန်
ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့် မြို့နယ်၊
အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉.၂၂၀ ပေါ်ရှိ
မြေနေရာအား ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုသို့ နှစ်
၃၀ ငှားရမ်း ပေးခဲ့ရာတွင်
ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် မြေအသုံးပြု ပိုင်ခွင့်အမိန့် ကြော်ငြာစာ)
အမိန့်ကြော်ငြာစာအမှတ်၊ ၃၉/၂၀၁၁ နှင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ စာပိုဒ် ၂၊ စာပိုဒ်ခွဲ (ဆ)၌ ငှားရမ်းခသတ်မှတ်ရာတွင်
နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏
ကာလပေါက်ဈေးအတိုင်း သတ်မှတ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိဘဲ
ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်
အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိကြောင်း၊ ရန်ကုန်မြို့တွင် စားသုံးသူရေးရာဦးစီးဌာနပိုင်
မြေနေရာသည် ကာလပေါက်ဈေးအရ တစ်စတုရန်းမီတာလျှင်
အမေရိကန်ဒေါ်လာ ၁၀ နှင့်
၁၅ ဒေါ်လာကြားရှိသော်လည်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့်
စာချုပ်ချုပ်ဆိုငှားရမ်းရာတွင် တစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၆.၅ ဒေါ်လာ နှုန်းဖြင့် တစ်နှစ်စာမြေငှားရမ်းခ
အမေရိကန်ဒေါ်လာ ၂.၄ သိန်းကျော် ကိုသာ ပေးသွင်းစေခဲ့သဖြင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၃ သိန်းကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း၊
ဦးသောင်းထွန်း
သည် ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် ရန်ကုန်မြို့တွင်း မြေငှားရမ်းမှုများတွင် ငှားရမ်းသည့် ကုမ္ပဏီများမှ
မြေအသုံးချမှုပရီမီယံကြေး တစ်ဧကလျှင် အနိမ့်ဆုံးနှုန်းထား အမေရိကန် ဒေါ်လာ ၁ သန်းရှိကြောင်း၊
သို့သော် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနပိုင် မြေ
၉.၂၂ ဧကကိုငှားရမ်းရာတွင် အမေရိကန်ဒေါ်လာ ၉.၂၂
သန်း အနည်းဆုံးရရှိရန်ဖြစ်သော်လည်း မြေအသုံးချမှုပရီမီယံကြေး
အမေရိကန် ဒေါ်လာ ၂.၄ သိန်း ကျော်သာ ပေးသွင်းစေခဲ့ရာ အမေရိကန်ဒေါ်လာ
၈.၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် ၂၃-၁၁-၂၀၂၁ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ
သတင်းရရှိသည်။