အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN PARTIES AGAINST CORRUPTION_ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း

  • Wed, 9 December 2020

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN PARTIES AGAINST CORRUPTION_ASEAN-PAC) ၏ (၁၆) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း


၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်

အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) (၁၆) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးကို -၁၂-၂၀၂၀ ရက်နေ့၊ ၀၈:၃၀ နာရီမှ ၁၆:၁၅ နာရီအချိန်ထိ  Virtual Format ဖြင့် ကျင်းပခဲ့ရာ ASEAN-PAC အဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဉီးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးစိန်တင် နှင့် ညွှန်ကြားရေးမှူး ဉီးလင်းဝေအောင်တို့ ပါဝင်တက်ရောက်ကြပါသည်။

 

ASEAN-PAC အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမှ အင်္ဂလိပ်အက္ခရာအစဉ်လိုက် အလှည့်ကျ သဘာပတိအဖြစ်ဆောင်ရွက်ကြရာ ယခု (၁၆) ကြိမ်မြောက်အကြီးအမှူးများ အစည်းအဝေးကို အလှည့်ကျ သဘာပတိဖြစ်သည့် ဗီယက်နမ်နိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးဌာန (Government Inspectorate of Viet Nam_GIV) မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 

အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption_SEA-PAC) ကို ၁၅-၁၂-၂၀၀၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။  မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ SEA-PAC အဖွဲ့ကို ASEAN အသင်းကြီး အောက်ရှိ Entity တစ်ခုအဖြစ် ပါဝင်နိုင်ရေးအတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ၂၀၁၇ ခုနှစ် တွင် အတည်ပြုလက်ခံခဲ့ပြီး SEA-PAC အမည်မှ ASEAN-PAC သို့ တရားဝင်ပြောင်းလဲခဲ့ပါသည်။

 

ယခုနှစ်အစည်းအဝေးကို “Better Governance, Less Corruption” ခေါင်းစဉ်အောက်တွင် ကျင်းပခြင်း ဖြစ်ပါသည်။ အစည်းအဝေးတွင် ယခင်နှစ်က ကျင်းပခဲ့သော (၁၅) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ လုပ်ငန်းညွှန်းတမ်း ပြင်ဆင်အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၂ လုပ်ငန်းစီမံချက် ပြင်ဆင်အတည်ပြုခြင်း၊ အဖွဲ့၏အမှတ်တံဆိပ် ပြင်ဆင်အတည်ပြုခြင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ ယခင်နှစ်က အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ်တွင် အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရိုသို့ တာဝန်လွှဲပြောင်းပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ အကြား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးပြောကြားပါသည်။

ဆက်စပ် သတင်းများ