ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း

  • Tue, 30 June 2020

ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း


နေပြည်တော်ဇွန်လ၂၉
*****************

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ယခုလို ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် ရည်ညွှန်းစာစောင်များကိုလေ့လာ၍ စာအုပ်ပါရည်ရွယ်ချက်များနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရည်ရွယ်ချက်များကို မိမိတို့ ပြည်နယ်အတွင်းရှိ ဝန်ထမ်းနှင့် ပြည်သူလူထုများ ပိုမိုသိရှိနိုင်စေရန် ထပ်မံဖြန့်ဝေပညာပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းတို့ကို အများပြည်သူနှင့် လက်တွဲ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မည်သည့်ပြစ်မှုမဆို ဖြစ်ပွားလာမှ အရေးယူခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ် တားဆီးခြင်းက ပိုမိုအကျိုးများပါကြောင်း၊ ကော်မရှင်သည် အသိပညာပေးခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး ပျံ့နှံ့စေရန်အတွက် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ ဆောင်ရွက်ခဲ့ပါကြောင်း၊ လူငယ်တို့၏ ယုံကြည်ချက် ခိုင်မာရန်လိုအပ်ပြီး အဂတိလိုက်စားမှုကို ဆန့်ကျင်သော နိုင်ငံသားများ ဖြစ်လာစေရန် လူငယ်ဘဝတွင် မှန်ကန်သောအတွေးများ စဉ်းစားတွေးခေါ်နိုင်ရန် ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်အဆင့် ကျောင်းသားလူငယ်များအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး လူငယ်စခန်းများကို နေပြည်တော်နှင့် မန္တလေးတို့တွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အပြုအမူကောင်းများ ရည်ရွယ်ချက်ကောင်းများ ကလေးဘဝ ကပင် ဖော်ဆောင်ပေးရန်လိုအပ်သဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်အား အခြေခံပညာ မူလတန်းအဆင့်မှ စတင်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့် နှင့် အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အထက်တန်း အဆင့် ရည်ညွှန်းစာစောင်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ ကို ပုံနှိပ်ထုတ်ဝေပြီး မကြာခင်လည်း ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါကြောင်း၊

COVID 19 ကပ်ရောဂါကာလအတွင်း ရောဂါအန္တရာယ် တုန့်ပြန်ကာကွယ်ရေး၊ စီးပွားရေး လူမှုရေး အကြပ်အတည်းများ လျော့ချနိုင်ရေး စသည့် အရေးပေါ်အခြေအနေများ ဆောင်ရွက်ရာတွင် အချိန်မီလျှင်မြန်စွာ အကောင်အထည်ဖော်ပေးကြရသဖြင့် အပြန်အလှန် ထိန်းကျောင်းမှု အားပျော့သွားစေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားရေ:အတွက် အသိပညာပေးမှု အစီအစဉ်များကို ကော်မရှင်၏ Facebook Page တွင် ACC Against COVID−19 ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမှုအစီအစဉ်များ၊ ဆောင်းပါးရေးသားမှု အစီအစဉ်များ ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊

ယခုလှုဒါန်းမည့်စာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်တို့ ဖြစ်ပါကြောင်း၊

ယင်းရည်ညွှန်းစာစောင်များသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nation Office on Drugs and Crime-UNODC) University Module Series မှ အဓိကကျသော အကြောင်းအရာများကို အလွယ်တကူ အဆင်ပြေစွာ လေ့လာနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါကြောင်းနှင့် ဤရည်ညွှန်းစာစောင်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖတ်ရှုနိုင်အောင် စီစဉ်ပေးခြင်းအားဖြင့် စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံသို့ ရည်ညွှန်းစာစောင် (၁၈)စုံ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ ထံသို့ ရည်ညွှန်းစာစောင် (၃၄)စုံ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးထံသို့ ရည်ညွှန်းစာစောင် ()စုံ၊ စုစုပေါင်း ရည်ညွှန်းစာစောင် (၅၇)စုံ အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။