အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

  • Tue, 23 June 2020

အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်


နေပြည်တော် ဇွန်လ  ၂၃

ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်များတွင် ထားရှိနိုင်ရန်အတွက် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ၂၂-၆-၂၀၂၀ ရက်နေ့၊ ၁၄၄၅ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ယခုလွှဲပြောင်းပေးအပ်သော စာစောင်များမှာ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်း စာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၁)၊ (၂)နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်ရည်ညွှန်းစာစောင်(၁) စုစုပေါင်း(၄)မျိုးဖြစ်ပြီး ကော်မရှင် အနေဖြင့် ရည်ညွှန်းစာစောင်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ဖြန့်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင်လည်း ရည်ညွှန်းစာစောင် များအား ဖြန့်ဝေခဲ့ရာ ပြည်ထောင်စုလွှတ်တော် နာယကမှကော်မရှင်၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများအား အသိအမှတ်ပြုပါကြောင်း၊ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်များမှာ အသိ ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းတို့ဖြစ်ပြီး အဂတိလိုက်စားမှု များကို အပြစ်ပေးအရေးယူခြင်းထက် တားဆီးကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (Youth Integrity Camp - YIC)များ ဖွင့်လှစ်၍ ကျောင်းသားလူငယ်များအား အသိပညာပေးခြင်း၊ နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပခြင်း၊ ဖြောင့်မတ် တည်ကြည်မှုနှင့်စပ်လျဉ်း၍ ပညာပေးဇာတ်လမ်းတိုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ခြင်းတို့အပြင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ဖြောင့်မတ်တည်ကြည်မှု ရည်ညွှန်းစာစောင်များအား ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစု၍ ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊  ယခုပြုစုထုတ်ဝေသော ရည်ညွှန်း စာစောင်များအား ကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ကြားစေခြင်းဖြင့် နောင်အနာဂတ်တွင် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်းများတွင် လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဌာနအလိုက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများအား အကဲဖြတ်ဆန်းစစ်ခြင်းဖြင့် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကာလသည် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်ပါသဖြင့် ကော်မရှင်အနေဖြင့် ရည်ညွှန်းစာစောင်များ ပေးအပ်ခြင်း အခမ်းအနားများကို အလျဉ်းသင့်သလို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းနှင့် မိမိတို့ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးရေး ကိစ္စရပ်များကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး ချင်းပြည်နယ် ဝန်ကြီး‌ချုပ်ထံသို့ ပြည်နယ်အစိုးရအဖွဲ့အတွက် ရည်ညွှန်းစာစောင်(၁၄)စုံ၊ ပြည်နယ်တရားလွှတ်တော် အတွက် ရည်ညွှန်း စာစောင်(၅)စုံ၊ ပြည်နယ်လွှတ်တော်အတွက် ရည်ညွှန်းစာစောင်(၂၇)စုံ စုစုပေါင်း ရည်ညွှန်းစာစောင် (၄၆)စုံအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

          ထို့နောက် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ကော်မရှင်အနေဖြင့် ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ချင်းပြည်နယ်သည် ယခင်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော တောင်ပေါ်ဒေသဖြစ်သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအား ပြည်နယ်ရှိ ပြည်သူလူထုမှနားလည်ရန် အားနည်းသည့်အတွက် အဂတိ လိုက်စားမှုဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နေဖြင့်  ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကော်မရှင်မှ လွှဲပြောင်းပေးအပ်သည့် ရည်ညွှန်းစာစောင် များကို လိုအပ်သော နေရာများတွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြား ခဲ့ပါသည်။