အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်

  • Tue, 23 June 2020

အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်


နေပြည်တော် ဇွန်လ ၂၂


        ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ပြည်နယ်လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်များတွင် ထားရှိနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ၂၂-၆-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်နယ်ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

        အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက ယခုလွှဲပြောင်းပေးအပ်သော ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာ အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁)၊(၂)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၁) စုစုပေါင်း (၄)မျိုးဖြစ်ပြီး ကော်မရှင်၏ လူထုအသိပညာပေးရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ လေ့လာနိုင်ရန် လွှဲပြောင်းပေးရခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ခံယူလျှက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဟူ၍ ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် ရေတိုဆောင်ရွက်ရမည့်ကိစ္စ မဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအတားအဆီး တစ်ခုဖြစ်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရာတွင် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရန်အတွက် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပုံစံအားလုံးတို့ကို စဉ်ဆက်မပြတ် လျှော့ချသွားရန် တိုက်တွန်းထားမှုကို အဆိုပါ ရည်မှန်းချက်ပန်းတိုင် ၁၆.၅ တွင် ဖော်ပြထားပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိကင်းစင်သည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာစေရန် အသိပညာပေးရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဆိုပါ ရည်ညွှန်းစာစောင်များအား လူထုအသိပညာပေးရေး လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် အများပြည်သူအား အသိပညာဗဟုသုတများ တိုးပွားစေရေး ဆက်လက်မျှဝေ ပေးသွားရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီး‌ချုပ် ဒေါက်တာခက်အောင်ထံသို့ ပြည်နယ်အစိုးရအဖွဲ့အတွက် ရည်ညွှန်းစာစောင် (၂၂)စုံ၊ ပြည်နယ်တရားလွှတ်တော်အတွက် ရည်ညွှန်းစာစောင်(၅)စုံ၊ ပြည်နယ်လွှတ်တော် အတွက် ရည်ညွှန်းစာစောင် (၅၆)စုံ တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

    ထို့နောက် ကချင်ပြည်နယ်၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များသည် သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဖြစ်ထွန်းလာစေရန်နှင့် နိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် အရေးကြီးသည့် ရည်ညွှန်းစာစောင်များဖြစ်ကြောင်းနှင့် အဆိုပါရည်ညွှန်း စာစောင်များအား လွှဲပြောင်းပေးအပ်သည့်အတွက် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။