အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

  • Tue, 9 June 2020

အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း


နေပြည်တော်။ဇွန်လ၉ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) များနှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကော်မရှင်ရုံး၌ Virtual Workshop on CRA ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ ကျင်းပ ပြုလုပ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် CPU ( ၃၆ ) ခုမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အတွက် တာဝန်ရှိသူများ စုစုပေါင်း (၉၀)ဦးခန့် ပါဝင်ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များသည် သက်တမ်းတစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး အထိုက်အလျှောက် တိုးတက်မှုများရှိသည်ကို တွေ့ရှိရကြောင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (CRA) သည် ဝန်ထမ်းများအား နစ်နာမှု အနည်းဆုံးဖြင့် ရုံး/ ဌာနများတွင် အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်သော နည်းလမ်းဖြစ်၍ CPU များက အောင်မြင်စွာအကောင်အထည်ဖော်ရမည့် ရည်မှန်းချက် တာဝန်တစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းနှင့်ပတ်သက်၍ ပဏာမရှင်းလင်းဆွေးနွေးသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့၏ ကျွမ်းကျင်မှုအကူအညီဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ အွန်လိုင်းမှ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆက်စပ် သတင်းများ