ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

  • Wed, 27 May 2020

နေပြည်တော် မေလ(  ၂၇   )ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူး တို့ကို ငွေကျပ်(၁၀)သိန်းပေးခဲ့ ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး)သည် ၅-၃-၂၀၁၈ ရက်နေ့က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံ၏သမီး ဖြစ်သူထံမှ ငွေကျပ် (၁၀)သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းတွင် ၂၅-၅-၂၀၂၀ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ဆက်စပ် သတင်းများ