ပုသိမ်မြို့၌ ကျင်းပသည့် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ၏ အမှာစကား

  • Sat, 23 March 2019

၂၃-၃-၂၀၁၉

ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ကော်မရှင်သည် တရားစွဲဆို အရေးယူ ဆောင်ရွက်ရခြင်းများ လျော့ပါးသက်သာသွားစေရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်း တချိန်တည်း တစ်ပြိုင်တည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည်ဟုသုံးသပ်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊


လုပ်ပိုင်ခွင့်အာဏာရှိသူများအနေဖြင့် မိမိတို့ဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် တားဆီးကာကွယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့အဖွဲ့အစည်းများကို အဂတိကင်းစင်သွားအောင် ကိုယ်တိုင်ကစတင်၍ စွန့်လွှတ်အနစ်နာခံ၊ အဆင်းရဲအပင်ပန်းခံပြီး စနစ်တစ်ခုလုံးကို ပြောင်းလဲသွားစေရန် တာဝန်ယူ ဆောင်ရွက်ရသည့် အလုပ်ဖြစ်ပါကြောင်း၊ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလုပ်တစ်ခုပင် ဖြစ်ပါကြောင်း၊ အစိုးရဌာနများအတွင်း၌ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ နှင့် အရပ်ဘက် အဖွဲ့အစည်းများ၌ဖြစ်စေ၊ ပင်ကိုရိုးသားဖြူစင်သောအသိစိတ်ဓာတ်ဖြင့် အဂတိလိုက်စားမှုကို စွဲမြဲစွာ ဆန့်ကျင်နေကြသည့်လူများ အများအပြား ရှိနေကြဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်များသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၌ နေရာပြန်ယူကြစေလိုပြီး အဂတိလိုက်စားမှု စနစ်ဆိုးကို ပြည်သူများနှင့်အတူ တက်ညီလက်ညီတိုက်ဖျက်ကြရန် အချိန်ကျရောက် နေပြီဖြစ်ပါကြောင်း၊ မိမိတို့ဌာနအတွင်း၌ အဂတိလိုက်စားမှုစနစ်ကို လျော့ကျသွားစေရန် မိမိတို့ကိုယ်တိုင် တာဝန်ယူကြမည်ဟူသော ပင်ကိုဖြောင့်မတ်တည်ကြည်သော စိတ်ကောင်းစေတနာ ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့်−

(၁) မြို့နယ်နှင့် ကျေးလက်ဒေသအသီးသီးတွင် မိမိဌာနနှင့်ပတ်သက်၍ အဂတိလိုက်စားမှု ဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ရန်၊

 (၂) သေးငယ်သော လာဘ်ပေးလာဘ်ယူမှုများရှိခဲ့လျှင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး တင်ပြသွားရန်၊ ပိုမိုကြီးမားသော အဂတိလိုက်စားမှုများဖြစ်ခဲ့လျှင် ပြည်ထောင်စုဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာအစိုးရအဖွဲ့မှတဆင့် ကော်မရှင်သို့ ဆောလျင်စွာ လွှဲပြောင်းပေးပို့ရန်၊

 (၃) ဌာနကကျင့်သုံးနေသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၌ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်များကို တွေ့ရှိရလျှင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတို့ကို ကြိုတင်တင်ပြသွားသင့်ပါကြောင်း ကော်မရှင်အနေဖြင့် တိုက်တွန်း ပြောကြားလိုပါကြောင်း။

 အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ဖွဲ့စည်းခြင်းနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ အန္တရာယ်ရှိမှုအကဲဖြတ်ခြင်း CRA လုပ်ငန်းစဉ်တို့သည် ကမ္ဘာလုံးဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDG) အမှတ်စဉ် ၁၆ နှင့်လည်း ဆီလျှော်ကိုက်ညီမှုရှိပါကြောင်း၊ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ အခြေခံကျင့်သုံးမှု (Universality) ဖြစ်သည်ဟုပြောနိုင်နေပြီဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲခြင်းနှင့် မိမိတို့၏အဖွဲ့အစည်းများကို ပြောင်းလဲလာစေရန် တာဝန်ယူခြင်းတို့ဖြင့် မိမိတို့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုပြန်လည် မြှင့်တင်ပေးကြပါ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းတို့တွင် တာဝန်ယူမှု မြှင့်တင်ပေးကြပါရန် တိုက်တွန်းကြောင်းပြောကြားခဲ့ပါသည်။