မွန်ပြည်နယ်၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း (ယခု မဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူး)နှင့် သထုံမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

  • Tue, 10 December 2019

နေပြည်တော် ဒီဇင်ဘာလ (  ၁၀  )ရက်

          မွန်ပြည်နယ် လွှတ်တော်ရုံး (၄)ခန်းတွဲ၊ (၄)ထပ် အိမ်ရာဆောက်လုပ်ခြင်း၊ သထုံမြို့ နယ် LED လမ်းမီး(၅၀၀)လုံး တပ်ဆင်ခြင်းနှင့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာတွင် ကုန်ထုတ် တံတား(၈၀x၂၀)ပေ တည်ဆောက်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်(၁/၂၀၁၇)နှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိခြင်း နှင့်ပတ်သက်၍ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

        တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းသည် မွန်ပြည်နယ် အစိုးရအဖွဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ (၂၀၁၈ ခုနှစ် Mini Budget)မှ သထုံမြို့နယ် လမ်းမီးလင်းရေးအတွက် LED လမ်းမီး(၅၀၀)လုံး ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို ထုတ်ယူပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေစာရင်းတွင် ထည့်သွင်းထိန်းသိမ်းထားကြောင်း၊ ၁၅-၇-၂၀၁၈ ရက်နေ့တွင် သထုံမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းအား LED လမ်းမီးဝယ်ယူတပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း၊ အင်ဂျင်နီယာမှူး ဦးတင်ထွန်းသည် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော်၊ ပျဉ်းမနားမြို့ ဘောဂသီရိကားဝင်းရှိ ကုမ္ပဏီတစ်ခုထံမှ 100 Watt LED Street Lamp အစုံ (၅၀၀) နှင့် 24 Hour Timer Complete Set (၁၀)စုံ တို့ကို ငွေကျပ် သိန်း(၄၈၀)ဖြင့် ဝယ်ယူတပ်ဆင်ခဲ့ကြောင်း၊ ခွင့်ပြုငွေများကို ထုတ်ယူသုံးစွဲသူ ကြီးကြပ်သူ အရာရှိဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းသည် LED လမ်းမီးဝယ်ယူ တပ်ဆင်ရေး အတွက် ကုမ္ပဏီသို့ ကျသင့်ငွေကျပ် သိန်း(၄၈၀)ပေးချေရမည် ဖြစ်သော်လည်း ငွေကျပ် သိန်း(၄၆၀)ကိုသာ မီးလုံးဝယ်ယူတပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွန်း မှတစ်ဆင့် ကုမ္ပဏီသို့ပေးချေခဲ့ပြီး လုပ်ငန်းပြီးသည်အထိ ခွင့်ပြုငွေကျပ် သိန်း(၂၀)ကို ၎င်း၏လက်ဝယ်၌ မရိုးမဖြောင့်သောသဘောဖြင့်ရယူထားကြောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းသည် ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီအား ငွေကျပ် သိန်း ၄၆၀ ကိုသာ ထုတ်ပေး ခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ် သိန်း ၄၈၀ လက်ခံရရှိကြောင်း ပြေစာ၌ လက်မှတ်ရေးထိုး၍ Back Date ဖြင့် စာရင်းပြုစုခဲ့ကြောင်း၊ တိုင်ကြားခံရပြီး နောက်မှ ဦးသိန်းဝင်းက ၎င်းထိန်းသိမ်းရယူထားသော ခွင့်ပြုငွေကျပ် သိန်း (၂၀)ကို ဦးတင်ထွန်းအား ပေးခဲ့ခြင်း၊ ဦးတင်ထွန်းမှလည်း လက်ခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း (ယခုမဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူး)နှင့် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ သထုံမြို့မ ရဲစခန်းတွင် ၉-၁၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ