လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ပြုလုပ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ပညာပေးဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပူးပေါင်းပါဝင်

  • Wed, 18 July 2018

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေး ဟောပြောပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သည် ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်း အနားတွင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကြိုးနီစနစ်များ၊ လူ့အဖွဲ့ အစည်းအတွင်း လှိုက်စားနေသည့် အဂတိလိုက်စားမှုများကို စနစ်တကျ တိုက်ဖျက်သွားပြီး နိုင်ငံသူ/နိုင်ငံသားတို့၏ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ လိုလားတောင့် တနေကြသည့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံဘဲ အဂတိတရားကင်းရှင်းစွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း အစိုးရ၏ တစ်နှစ်ပြည့် အခမ်းအနားတွင် အဂတိတရားနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ စသည့် အဂတိတရားလေးပါး ကင်းရှင်းရန်လိုကြောင်း၊ အဂတိတရားဆိုသည်မှာ ငွေကြေး တစ်ခုတည်းသာမဟုတ်ဘဲ မိမိ၏ အသိုက်အဝန်း၊ မိသားစု၊ မိတ်ဆွေများ၏ အကျိုးကိုကြည့်ပြီး လုပ်ဆောင်ခြင်းသည်လည်း အဂတိလိုက်စားခြင်းတစ်မျိုးပင် ဖြစ်ပါ ကြောင်း စသည်ဖြင့် နိုင်ငံတော်အကြီးအကဲများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အလေးထား ပြောကြားခဲ့သည့်အတွက် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဂတိလိုက်စားမှု သည် အဓိကကျသော အတားအဆီး ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်သည့်အတွက် အဂတိတရားနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖိတ်ကြား ခဲ့သည့်အတွက် တက်ရောက်လာသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

    ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်မှ အဂတိလိုက်စားမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အကျိုးဆက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ကော်မရှင်၏ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အရေးပါမှုအခန်းကဏ္ဍ၊ ပြည်သူ့ဝန်ထမ်းများအတွက် ကျင့်ဝတ်ဆိုင်ရာ ပြဌာန်းချက်များနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှု၊ လုပ်ငန်းစဉ်၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဟောပြောဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများမှ သိရှိလိုသည်များ၊ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေးဟောပြောပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ အရာထမ်း/အမှုထမ်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်စပ် သတင်းများ