အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း (၁၃)ဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

  • Fri, 24 August 2018

Delivery Van များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ကြီး/ကော်မူဝါဒနှင့် ကိုက်ညီမှုမရှိသော ယာဉ်များအား ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့် ရရှိရန်အတွက် Custom Agent မှတစ်ဆင့် ငွေပေး ဆောင်ရခြင်းနှင့် သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရာတွင် Custom Agent မှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာ ဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်များ အရ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van မော်တော်ယာဉ်များ ထုတ်ယူရာတွင် Shinning Star Agency ၏ Agent ထံမှ EO အကောက်ခွန်ဝန်ထမ်း (၂)ဦးက ငွေကျပ် (၄၄)သိန်းကို လည်းကောင်း၊ Appraiser အကောက်ခွန်မှူး (၂)ဦးက ငွေကျပ် (၁၁)သိန်းကို လည်းကောင်း၊ ဦးစီးအရာရှိက ငွေကျပ် (၁၁)သိန်းကိုလည်းကောင်း၊ Metal Seal တပ်ဆင်ပေးသည့် PC လက်ထောက်အကောက်ခွန်မှူးက ငွေကျပ် (၅၅ဝဝဝဝိ/-)ကို လည်းကောင်း လာဘ်ငွေများအဖြစ် ရယူခဲ့ခြင်း၊ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van ယာဉ်(၁၁)စီး MIPL ဆိပ်ကမ်းမှ ထုတ်ယူရာတွင် လင်းယုန် Agency ၏ Agent ထံမှ တစ်စီးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် EO ဒု-အကောက်ခွန်မှူး (၂)ဦး က ယာဉ်(၇)စီးအတွက် ငွေကျပ်သိန်း(၇၀)ကိုလည်းကောင်း၊ EO အကောက်ခွန်မှူးက ယာဉ်(၁)စီးအတွက် ငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ ဒု-အကောက်ခွန်မှူးက ယာဉ်(၃)စီးအတွက် ငွေကျပ် သိန်း(၃၀)ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် EO အကောက်ခွန်မှူး ဦးကျော်ခိုင်မင်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ ထုတ်/သွင်း ဌာနခွဲမှ Appraiser အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ အကောက်ခွန်မှူး ဦးမျိုးဝေ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်၊ ဒု-အကောက်ခွန်မှူး ဦးဇော်နိုင်ဦး၊ ဒု-အကောက်ခွန်မှူး ဦးစိုးမင်းသန်းနှင့် ဒု-အကောက်ခွန်မှူး ဦးသန်းထိုက်အောင် တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ကြီး/ကော် မူဝါဒများနှင့် ကိုက်ညီမှုမရှိဘဲ တင်သွင်းလာသည့် Delivery Van ယာဉ်များကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်း တာဝန်ကျ ဝန်ထမ်းများက လာဘ်ငွေများ လက်ခံ ရယူခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကွင်းဆင်း ကြီးကြပ် စစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ယင်းသို့ ဆောင်ရွက်နိုင်ရန် မျက်ကွယ်ပြု၍ အဂတိလိုက်စားမှု ကျူးလွန်နိုင်ရန် ပူးပေါင်းကြံစည်ခြင်း (သို့မဟုတ်) အားပေးကူညီခြင်းဖြစ်ခြင်းကြောင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ MIPL ဆိပ်ကမ်း ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးစီးအရာရှိ ဦးမလန်ရှရွယ် တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေမြို့မရဲစခန်းတွင် ၂၄-၈-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

ဆက်စပ် သတင်းများ