၂၃.၃.၂၀၁၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ပါဝင်သော ဦးဟန်ညွန့် (ဥပဒေ) ၏ " အဂတိမှုနှင့် ကုလသမဂ္ဂ " ဆောင်းပါး

  • Fri, 23 March 2018

အဂတိလိုက်စားမှု

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေးကို ကမ္ဘာတစ်ဝန်းက ဆောင်ရွက်နေသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးပွားလျက်ရှိသည်။ နည်းပညာများ အကူအညီပေးမှုကိုလည်း တိုးမြှင့်ဆောင် ရွက်နေသည်။ ဤနေရာတွင် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို သိရှိသင့်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက  အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေး ကွန်ဗန်းရှင်းအတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းကိုလည်း လေ့လာအပ်ပေသည်။

ကွန်ဗန်းရှင်း

အဂတိလိုက်စားမှု ဆန့်ကျင်တိုက်ဖျက်ရေးကွန်ဗန်းရှင်းကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်အာဏာသက်ရောက်ခဲ့သည်။

ပြဋ္ဌာန်းချက်အကျဉ်း

ကွန်ဗင်းရှင်းတွင် အခန်း(၈)ခန်း၊ အပိုဒ်(၇၁)ပိုဒ် ပါဝင်ပြဋ္ဌာန်းထားသည်။

ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်

အဓိကရည်ရွယ်ချက်မှာ အဂတိလိုက်စားမှုများအား ပိုမိုထိရောက်အောင်မြင်စွာ တားဆီးနှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်ရန်၊ အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ရေးနှင့် မတရားရယူထားသော ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နည်းပညာ အကူအညီပေးမှုများကို တိုးမြှင့်၍ ဖြည့်ဆည်းထောက်ပံ့နိုင်ရန်၊ ပြည်သူ့ရေးရာကိစ္စများနှင့် ပြည်သူ့ပစ္စည်းများကို ဖြောင့်မတ်ရိုးသားမှု၊ တာဝန်ခံမှုနှင့် လျော်ကန်သင့်မြတ်စွာ စီခံခန့်ခွဲမှုများကို မြှင့်တင်ဆောင်ရွက် နိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

သက်ဆိုင်ခြင်း

ကွန်ဗင်းရှင်းနှင့် သက်ဆိုင်ခြင်းအကြောင်းကို Article 3. Scope of Application တွင် ဖော်ပြထားသည်။

ဤကွန်ဗင်းရှင်းသည် အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ ကာကွယ်တားဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တရား စွဲဆိုခြင်းနှင့် အဂတိလိုက်စားမှုကျူးလွန်ရာမှ မတရားရရှိသော ပစ္စည်းများကို ဖော်ထုတ်ပြီး ရှာဖွေဖမ်းဆီး ခြင်း၊ ချိပ်ပိတ်သိမ်းဆည်းခြင်း နှင့် နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတို့နှင့် သက်ဆိုင်သည်။

အချုပ်အခြာအာဏာ မထိခိုက်စေရေး

အချုပ်အခြာအာဏာ မထိခိုက်စေရေး အကြောင်းကို Article 4. Protection of Sovereignty တွင် ဖော်ပြထားသည်။

အဖွဲ့ဝင်နိုင်ငံများသည် ဤကွန်ဗင်းရှင်းအရ တာဝန်များကို ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိရေး၊ အခြားအဖွဲ့ဝင်နိုင်ငံ၏ နယ်မြေတည်တံ့မှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးရာ ကိစ္စများကို ဝင်ရောက်နှောင့်ယှက်မှု မပြုရေးဟူသည့် အခြေခံမူများကို လေးစားလိုက်နာရမည်ဟု လည်းကောင်း၊ အခြားအဖွဲ့ဝင်နိုင်ငံ၏ နယ်နမိတ်အတွင်းတွင် ထိုနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာ၍ တာဝန်ယူဆောင်ရွက်ရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။

ကြိုတင်ကာကွယ်ရေး

အဖွဲ့ဝင်နိုင်ငံတိုင်းက မိမိတို့၏ တရားဥပဒေစနစ်နှင့်အညီ အဂတိလိုက်စားမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ မူဝါဒများချမှတ်၍ ညှိနှိုင်းပြီး ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရပေမည်။

တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ရေးရာ ကိစ္စများနှင့် ပြည်သူ့ပစ္စည်းများကို လျော်ကန်သင့်မြတ်စွာ စီမံခန့်ခွဲရေး၊ ရိုးသားဖြောင့်မတ်မှု၊ တာဝန်ခံမှုနှင့် ထင်သာမြင်သာရှိမှုတို့အတွက် တိုးမြှင့်ဆောင်ရွက်ရမည်။ အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးယူခြင်းဖြင့် တားဆီးကာကွယ်ရေး၊ ထိုဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး တရားစီရင်ရေးလမ်းကြောင်းအတွက် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပေသည်။

အဂတိလိုက်စားမှုအတွက် ပြည်သူတို့က သတင်းပေးပို့သည့်ကိစ္စ၊ အစိုးရဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများ အပြင် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ရှိသူများကိုပါ အဂတိလိုက်စားမှုနှင့် အလွဲသုံးစားမှုများကို ထိရောက်စွာ အရေးယူရေးကိစ္စ၊ ယင်း တာဝန်ရှိသူများ၊ ဝန်ထမ်းများက ပိုင်ဆိုင်သော (သို့မဟုတ်) လက်ဝယ်ထားရှိအသုံးပြုသော ပစ္စည်းများမှာ တရားမဝင်သောနည်းလမ်းဖြင့် ပိုင်ဆိုင်ရရှိထားပါက အဂတိလိုက်စားမှုဖြင့် အရေးယူပြီး ပစ္စည်းများကို သိမ်းဆည်းရေး၊ တရားမဝင်ပိုင်ဆိုင်ရရှိထားသော ငွေကြေးနှင့်ပစ္စည်းများကို စီမံခန့်ခွဲရေး နည်းလမ်းအရ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးရေး၊ သိမ်းဆည်းရေး၊ တရားမဝင်ပိုင်ဆိုင်ရရှိထားသော ငွေကြေးနှင့်ပစ္စည်း များကို စီမံခန့်ခွဲရေးနည်းလမ်းအရ စုံစမ်းထောက်လှမ်းပြီး ဖမ်းဆီးရေး၊ သိမ်းဆည်းရေး၊ ငွေကြေးစုံစမ်း ထောက်လှမ်းရေးယူနစ်များ ထူထောင်ပြီး ဖမ်းဆီးရေး၊ သိမ်းဆည်းရေး၊ သတင်းပေးသူများနှင့် အသိသက် သေများအား ကာကွယ်ပေးရေး ပြစ်မှုကျူးလွန်သူများနှင့် တရားမဝင် ပိုင်ဆိုင်ထားသော ပစ္စည်းများကို တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လွှဲပြောင်းပေးရေးနှင့် ပူးတွဲစုံစမ်းရေး၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် အကူအညီပေးရေးစသည်များ ပြဋ္ဌာန်းထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ

အထက်ပါ ကွန်ဗင်းရှင်းကို ASEAN အာဆီယံ အဖွဲ့ဝင် နိုင်ငံများအဖြစ် အောက်ပါနိုင်ငံများက ဝင်ရောက် လက်ခံခဲ့ပြီး ဖြစ်သည်-

(၁)     ဘရူနိုင်း                  ၂.၁၂.၂၀၀၈

(၂)     အမ္ဘောဒီးယား           ၅.၉.၂၀၀၇

(၃)     အင်ဒိုနီးရှား             ၁၅.၉.၂၀၀၆

(၄)     လာအို                    ၂၅.၉.၂၀၀၉

(၅)     မလေးရှား               ၂၄.၉.၂၀၀၈

(၆)     ဖိလစ်ပိုင်                 ၆.၁၁.၂၀၀၆

(၇)     စင်္ကာပူ                    ၆.၁၁.၂၀၀၉

(၈)     ထိုင်း                      ၁.၃.၂၀၁၁

(၉)     ဗီယက်နမ်                ၁၉.၈.၂၀၀၉

(၁၀)   မြန်မာ                     ၂.၁၂.၂၀၀၅

                             (၂၀.၁၂.၂၀၁၂ အတည်ပြု)

အက်ဥပဒေများ ပြဋ္ဌာန်းခြင်း

ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော အောက်ပါ နိုင်ငံများသည် နိုင်ငံအလိုက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေများကို အသီးသီးပြဋ္ဌာန်းခဲ့ကြပေသည် -

(1)     Malaysia - Malaysian Anti - Corruption Commission Act, 2009.

(2)     Bangladesh - Anti - Corruption Commission Act, 2004.

(3)     Australia - Anti - Corruption Commission Act, 1988.

(4)     Australia - Victoria - Independent Broad - based Anti - Corruption Commission Act , 2011.

(5)     Kanya - Ethics and Anti - Corruption Commission Act, 2011.

(6)     Zinbabwe - Anti - Corruption Commission Act, 2004.

(7)     Zinbabwe – Criminal Law (Codification and Reform) Act, 2007.

(8)     Zanbia - Anti - Corruption Commission Act, 1996.

(9)     Namibia - Anti - Corruption Commission Act, 2003.

မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ပြုဋ္ဌာန်းခဲ့သည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်​ရေးဥပဒေကိုပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ ဖြင့် ၇.၈.၂၀၁၃ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ် ၃၀/၂၀၁၇ အရ ၂၃.၁၁.၂၀၁၇ ရက်စွဲဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်​ရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးအောင်ကြည်ပါဝင်သော အဖွဲ့ဝင်များအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

သုံးသပ်ချက်

အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်​ရေးကော်မရှင် သည် UNCAC အဖွဲ့ဝင်ဖြစ်သည့်အလျောက် မိမိတို့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရပေ မည်။  နိုင်ငံတကာ အတွေ့အကြုံများကိုလည်း ဂရုပြု၊ လေ့လာကျင့်သုံးအပ်ပေသည်။

စေတနာ

ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့သော ကွန်ဗန်းရှင်းနှင့်အညီ အဂတိလိုက်စားမှုဆန့်ကျင် တိုက်ဖျက်ရေး ဆောင်ရွက်သွားကြပါစို့။

ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတကာက လိုက်နာကျင့်သုံးမှုများကိုလည်း စတင်လေ့လာ ဆည်းပူး၍ မိမိနိုင်ငံတော်အတွက် ကောင်းမြတ်သော ကျင့်စဉ်များကို ကျင့်သုံးသင့်ကြောင့် စဉ်းစားတွေးခေါ် မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ …… ။       ။

ဆက်စပ် သတင်းများ