ဆောင်းပါး

အဂတိဟူသည်

အဂတိအကြောင်း အရေးယူဆောင်ရွက်မှုများအကျဉ်းကို ပြီးခဲ့သော အပတ်က ရေးသားတင်ပြခဲ့ပြီးပါပြီ။ ယခုတစ်ပတ်တွင် အဂတိမှုများနှင့် နိုင်ငံတကာဆက်စပ်ပုံကို လေ့လာတွေ့ရှိရသမျှ တင်ပြအပ်ပါသည်။ နိုင်ငံတကာသင်ခန်းစာများ များစွာရှိပါမည်။ သို့သော် လက်လှမ်းမီသမျှသာ တင်ပြပါရစေ။

အဂတိတိုက်ဖျက်ရေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ကို ထမ်းဆောင်ရသူ တစ်ဦးအဖို့ အဂတိဟူသည် ဘာလဲ၊ အဂတိ၏ အဓိပ္ပာယ်၊ နောက်ခံသမိုင်း၊ အတွေ့အကြုံများ၊ အစီရင်ခံစာများ၊ အဆိုအမိန့်များ၊ ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များ စသည်ဖြင့် လေ့လာရမည်။ ပြည်သူ့အသံ နာခံရမည်။ မှတ်စုပြုရမည်။ ဆန်းစစ်ရမည်။ ပြန်လည်သုံးသပ်ရမည်။ ဤသို့ယုံကြည်မိသည်။ ထို့ကြောင့် စုစည်းတင်ပြပါရစေ။

 

အညွှန်းကိန်း

အဂတိကင်းစင်ဖို့ အညွှန်းကိန်းများအကြောင်း ပြီးခဲ့သည့်အပတ်က တင်ပြခဲ့ပါပြီ။ အဂတိအခြေခံက ဘာလဲ။ ဘာကြောင့် အဂတိဖြစ်ရသလဲ။ အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကဘာလဲ။  ဗုဒ္ဓဘာသာဝင်တွေက ဘယ်လိုဖွင့်ဆိုသလဲ။ လူ့လောကဓမ္မတာ အနေကြာခဲ့သော အဂတိတရားကင်းစင်ပါ့မလား။ ဘယ်လိုထိန်း ကြ မလဲ။ သရုပ်ခွဲကြပါစို့။

တာဝန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ရသည်။ ဥပဒေက မည်သို့ပြဋ္ဌာန်းထားပါသလဲ။ နည်းဥပဒေက မည်သို့လမ်းညွှန်ထားပါသလဲ။ ကမ္ဘာ့အဖွဲ့အစည်းများကရော မည်သို့လိုက်နာကျင့်သုံးကြပါသလဲ။ လေ့လာမှတ်သားစရာ၊ ဖတ်ရှုစရာ၊ ရည်ညွှန်းကိုးကားစရာတွေ စုံလင်လှပေသည်။ လက်တွေ့ဘဝနှင့် မည်သို့ဆက်စပ်ကျင့်သုံးကြပါမည်လဲ။ နိုင်ငံတကာ ပညာရှင်များ၏ လေ့လာသုံးသပ်မှုများကိုလည်း သိရန်မလိုအပ်ဘူးလား။ ဘက်စုံအမြင်များ မကိုးကားသင့်ဘူးလား။