အသေးစားအဂတိလိုက်စားမှု လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ဆောင်မှုရယူသည့် ပြည်သူလူထုတို့အကြား SMS မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်ဝန်ဆောင်မှုပေးသည့် CPU Toolkit နည်းပညာ စတင်စမ်းသပ် အသုံးပြုမှုအခမ်းအနားကျင်းပခြင်း

Published In: နောက်ဆုံးရသတင်း Created Date: 2019-10-10 Hits: 360

နေပြည်တော်၊ အောက်တိုဘာ ၉ ရက်
 

---------------------------------
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကမ္ဘာ့ဘဏ်အဖွဲ့၏ ကျွမ်းကျင်မှု နည်းပညာအကူအညီဖြင့် Innovative Beneficiary Engagement အစီအစဉ်ကို မြန်မာနိုင်ငံတွင် အသေးစားအဂတိလိုက်စားမှု လျှော့ချရေးအတွက် လက်သုံး ကိရိယာအဖြစ် စမ်းသပ်အသုံးပြုခြင်း အခမ်းအနားကို ယနေ့(၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး(CPU)အဖွဲ့များ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း(၂၂)ခုတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ခေါင်းဆောင်များ၊ IT နည်းပညာ ကျွမ်းကျင်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် CPU Toolkit သည် အခြေခံပြည်သူတစ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူအကြား ဝန်ဆောင်မှုအပေါ် အကြံပြုချက်ရယူရန် ချိတ်ဆက်ပေးသော ယန္တရားတစ်ခုသာဖြစ်ပြီး တည်ဆဲတိုင်ကြားမှု ယန္တရားကို အစားထိုးခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း လုံးဝမဟုတ်ပါကြောင်း၊ ဒေသဆိုင်ရာရုံးဌာနခွဲတစ်ခုတွင် ဝန်ဆောင်မှုကို ရယူရန် လာရောက်သော အခြေခံပြည်သူတစ်ဦးအား ပြည်ထောင်စုဝန်ကြီးရုံး သို့မဟုတ် နေပြည်တော်ရှိ ရုံးဌာနချုပ်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန် တာဝန်ရှိသော အရာရှိတစ်ဦးက လက်ကိုင်ဖုန်းမှတစ်ဆင့် SMS ဖြင့် အဆက်အသွယ်ရယူ၍ ဝန်ဆောင်မှုအခြေအနေကို စုံစမ်းမေးမြန်းခြင်းနှင့် ယင်းအခြေခံပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း စသည်တို့ဖြင့် အောက်ခြေရုံး/ ဌာနများတွင်ဖြစ်လေ့ရှိသော အသေးစားအဂတိလိုက်စားမှုများကို မဖြစ်ပေါ်လာစေရန် ကြိုတင်တားဆီးကာကွယ်ပေးသော လက်သုံးကိရိယာတစ်ခုဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက်သာမက နိုင်ငံတော်အစိုးရ ၏ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်အတွက် မရှိမဖြစ် အင်္ဂါရပ်(၃)ခု ဖြစ်သည့် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် တုံ့ပြန်ဖြေကြားမှုတို့ကိုလည်း ဖြည့်ဆည်း ပေးကြောင်း၊ ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန (၁၇)ခုနှင့့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း (၅)ခုတွင် CPU အဖွဲ့(၃၇)ခု ဖွဲ့စည်းပြီးဖြစ်သည့်အပြင် ယင်း CPU များအတွက် ရည်မှန်းချက်တာဝန် (၃)ရပ်၊ လုပ်ငန်းစဉ် (၆)ချက်တို့ကိုလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ယနေ့မှစတင်၍ အရေးကြီးသော ပြည်ထောင်စုဝန်ကြီးဌာန (၁၀)ခုသည် CPU Toolkit များကို မြို့နယ်တချို့တွင် စတင်စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ပြည်ထောင်စုဝန်ကြီးဌာနများသည်လည်း မကြာမီစတင် စမ်းသပ်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် "တားဆီးကာကွယ်ခြင်း" သည် တရားစွဲဆိုအရေးယူ ဆောင်ရွက်ခြင်းထက် များစွာပိုမိုထိရောက်မှုရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းအား ပြစ်မှုမဖြစ်ပွားမီ ကြိုတင်တားဆီးကာကွယ်နိုင်ခြင်းဖြင့် သက်ဆိုင်သူတစ်ဦးချင်းစီ အတွက် သာမက နိုင်ငံတော်အတွက်ပါ ထိခိုက်နစ်နာမှုကို နည်းပါးသက်သာ စေပါကြောင်း၊ ထို့ကြောင့် CPU များ အလုပ်လုပ်နိုင်ရန် တာဝန်ရှိသူများက မိသားစုစိတ်ဓါတ်ဖြင့်ကူညီပေးကြရန် အလေးအနက် မေတ္တာရပ်ခံပါကြောင်း ပြောကြားပါသည်။

 

ထို့နောက် ကမ္ဘာ့ဘဏ်အဖွဲ့မှ Head of Office, Mr.Gevorg Sargsyan က ပြောကြားရာတွင် အဂတိလိုက်စားမှုသည် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဆင်းရဲမွဲတေမှုပပျောက်ရေးကို အဟန့်အတားဖြစ်စေပြီး အလွန်ပင်ထိခိုက် စေနိုင်ပါကြောင်း၊ အစိုးရအရာရှိများ၏ နေ့စဉ်ပြုလုပ်နေသော လုပ်ဆောင်ချက်များသည် နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အဓိကသက်ရောက်နိုင်ပါကြောင်း၊ နှစ်ပေါင်း (၂၀)ကျော်ခန့်ကပင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ James Wolfensohn က အဂတိလိုက်စားမှုအမြစ်တွယ်နေမှုအား ကင်ဆာရောဂါကဲ့သို့ သဘောထား၍ အတူတကွပူးပေါင်းတိုက်ဖျက်ရန် မေတ္တာရပ်ခံခဲ့ပါကြောင်း၊ ဆန်းသစ်တီထွင်သော နည်းပညာဆိုင်ရာ ချဉ်းကပ်မှုများသည် အများပြည်သူဆိုင်ရာကဏ္ဍတွင် အသေးစားအဂတိလိုက်စားမှုများကိုတိုက်ဖျက်ရန် အကူအညီပေးခြင်းဖြင့် ပြည်သူဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်နှင့် အစိုးရနှင့် ပြည်သူယုံကြည်မှုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ကမ္ဘာဘဏ်အနေဖြင့် ပါကစ္စတန်နှင့် အယ်ဘေးနီးယားနိုင်ငံတို့တွင် အလားတူ ကူညီခဲ့ပါကြောင်း၊ ယခုအခါ ကော်မရှင်အား ကူညီဆောင်ရွက်ပေးရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော မဟာဗျူဟာတစ်ခုပင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ဝန်ဆောင်မှု အများဆုံးဆောင်ရွက်နေသော ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်း (၁၀)ခုတွင် အသေးစားအဂတိလိုက်စားမှုလျှော့ချရေးအတွက် ဌာနများတွင် ဝန်ဆောင်မှုရယူသော ပြည်သူလူထုထံသို့ CPU Toolkit နည်းပညာကိုအသုံးပြု၍ လက်တွေ့စမ်းသပ်ဆောင်ရွက်ခဲ့မှုမှတ်တမ်း video ပြသသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်ကြသော တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၀)ခုမှ CPU အဖွဲ့(၁၃)ဖွဲ့၏ Toolkit လက်တွေ့အသုံးပြု၍ (Data Entry Operator-DEO) အဖွဲ့များထံ လိုအပ်သည့် အချက်အလက်များကောက်ယူခြင်း၊ အစိုးရနှင့် ပြည်သူလူထုအကြား ဝန်ဆောင်မှုရယူနေခြင်း၊ ဝန်ဆောင်မှုယူသော ပြည်သူများထံသို့ SMS ပေးပို့ခြင်း၊ ပြည်သူများထံမှ တုံ့ပြန်ဖြေကြားမှုများ လက်ခံခြင်းတို့နှင့်စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

 

CPU Toolkit စတင်စမ်းသပ်ဆောင်ရွက်မှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး တို့က မြို့နယ်အချို့တွင် ဝန်ဆောင်မှုရယူခဲ့သည့် ပြည်သူလူထုသို့ စတင်စမ်းသပ်ဆက်သွယ် ဆောင်ရွက်ကြမည်ဖြစ်ပြီး Mobile Phone ဖြင့် ဆက်သွယ်ဆောင်ရွက်ရာ၌ အဆင်ပြေလျင်မြန်စွာ အသုံးပြုနိုင်ရေး CPU များ၏ Short Code အဖြစ် "1111" အား သတ်မှတ်ထားရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

အခမ်းအနားဒုတိယပိုင်းတွင် USAID အကူအညီဖြင့် Promoting the Rule of Law in Myanmar (PRLM)အဖွဲ့က မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုဆိုင်ရာ စစ်တမ်းကောက်ယူမှုရလာဒ်များကို ဆက်လက်ရှင်းလင်းတင်ပြသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ပြည်နယ်၊ တိုင်းဒေသကြီးများတွင် လူဦးရေ(၃၀၉၆)ဦးကို စစ်တမ်းကောက်ယူခဲ့ပြီး အဂတိလိုက်စားမှုအပေါ် သာမန်ပြည်သူများ၏ ထင်မြင်ချက်ကို မေးခွန်းပေါင်း(၉၉)ခုဖြင့် စစ်တမ်း ကောက်ယူမှုရလာဒ်များကို အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ပါသည်။

Same In Category

Related Blogs By Tags