အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မန္တလေးရုံးခွဲ ဖွင့်လှစ်ခြင်း

Published In: နောက်ဆုံးရသတင်း Created Date: 2019-05-11 Hits: 104

မန္တလေး၊ မေ ၁၁

-------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မန္တလေးရုံးခွဲဖွင့်ပွဲကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ဗာဂျီးနီးယား ဆေးလုပ်ငန်းစက်ရုံဝန်းအတွင်းရှိ အဆိုပါရုံး အဆောက်အဦ၌ ယနေ့နံနက်(၀၈:၀၀) နာရီအချိန်တွင် ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဦးဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ UNDP နှင့် UNODC မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ကြသည်။ ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့က ကော်မရှင်ရုံးခွဲ ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားရာတွင် “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်(မန္တလေးရုံးခွဲ) ဖွင့်လှစ်ပေးနိုင်မှုအား ဝမ်းမြောက်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသွင်ကူးပြောင်းရေးကာလများအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊” အဂတိလိုက်စားမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်း၊ သဘာဝသယံဇာတ အရင်းအမြစ်များ မှားယွင်းသည့် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေခြင်း၊ လူတန်းစား မညီမျှမှု ဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း စသည်တို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စွမ်းအားရှိသမျှ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အစိုးရဌာနဆိုင်ရာလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုများ၊ ကြိုးနီစနစ်များရှိပါက ပယ်ဖျက်ရမည်ဟု ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှလည်း အဂတိကင်းစင်သည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ထူထောင်မည်ဟု ပြောကြားခဲ့ပြီး ကတိပေးထားခဲ့သည့်အတိုင်း ယခုအခါတွင် ခေတ်အဆက်ဆက် အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိသည့် အမှုများအား အရေးယူဆောင်ရွက်ခဲ့ခြင်းများရှိခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်သူများအား ပေးထားသည့်ကတိကို ဖြည့်ဆည်း ဆောင်ရွက်သည်သာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဂတိလိုက်စားမှု ကင်းစင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန်အတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်လည်း မရှိမဖြစ် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းသည် ပြည်သူအတွက်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး ရာဇသတ်ကြီးတွင်လည်း ထည့်သွင်းပြဌာန်းထားရှိခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတင်ပြဌာန်းခဲ့ပြီး ၂၀၁၈ခုနှစ်အထိ (၄)ကြိမ်မြောက် ပြင်ဆင်ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ထိရောက်စွာ ထိန်းချုပ်တားဆီးနိုင်ရန်နှင့် လျှော့ချနိုင်ရေးအတွက် ကော်မရှင်တစ်ခုတည်း အကောင်အထည်ဖော် ဆောင်ရွက်၍မရဘဲ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုအဆင့် သိသာစွာ လျော့ကျလာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်သည် ပြည်သူ့ အကျိုးအတွက်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းပြည်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နေသော အဂတိလိုက်စားမှုမျိုးကို တိုက်ဖျက်နိုင်ရေးအတွက် အချိန်ပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမြစ်တွယ်နေသည့် စနစ်တကျ ကျူးလွန်သည့် အဂတိလိုက်စားမှုများသည် တိုက်ဖျက်ရန် ခက်ခဲသော်လည်း အဂတိလိုက်စားမှုများ ကင်းစင်ပါက ကောင်းမွန်သည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာမည်ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (မန္တလေးရုံးခွဲ) ဖွင့်လှစ်မှုအား ကြိုဆိုပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားရာတွင် ကော်မရှင်၏ မန္တလေးရုံးခွဲကို ဗဟိုပြု၍ မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသော တိုင်းဒေသကြီးများ/ပြည်နယ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်သွားနိုင်မည့်အပြင် အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံလူထုအား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့်လည်း ရရှိလာမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ အဓိကရည်ရွယ်ချက်များ ဖြစ်သော “သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှု မရှိစေရေးအတွက် အကာအကွယ်ပေးရန်” ဟူသောအချက်များ အကောင်အထည်ဖော် နိုင်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အထိုက်အလျောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်သမ္မတကြီးနှင့်တကွ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒပြင်းပြမှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အသိအမြင် ရေချိန်မြင့်မားလာမှုကြောင့်ဖြစ်သည်မှာ ထင်ရှားပါကြောင်းနှင့် ကော်မရှင်၏ ရည်မှန်းချက်တာဝန်များကို အပြည့်အဝအောင်မြင်သည်အထိ ထမ်းရွက် နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အကြီးအမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဘက်ဘက်မှ ဆက်လက်ဝိုင်းဝန်း ကူညီပေးကြရန် ပန်ကြားပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲအဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Same In Category

Related Blogs By Tags