“တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” အား ၅-၁၂-၂၀၁၈ ရက်နေ့ (ဝ၈၃၀)အချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်

Published In: အလုပ်ရုံဆွေးနွေးပွဲ Created Date: 2018-12-05 Hits: 161

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ MCRB ၊ ကိုကာကိုလာ နှင့် တယ်လီနော တို့ပူးပေါင်း၍ “တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” အား ၅-၁၂-၂၀၁၈ ရက်နေ့ (ဝ၈၃၀)အချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ-

-အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်နေသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုးတက်ဆောင်ရွက်မှုများကို စီးပွားရေးလုပ်ငန်းစုများအား အသိပေးရန်။

-စီးပွားရေး လုပ်ငန်းများက တစ်ဦးတစ်ယောက်ချင်း စီ သော်လည်းကောင်း၊ စုပေါင်းဆောင်ရွက်မှု ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် အမှတ် ၁၀ နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်မည့် အကြံဉာဏ်များကို ပေးနိုင်ရန်နှင့် -အဂတိလိုက်စားမှုများအတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေသော မြင့်မားသော အန္တရာယ်ရှိသည့် နယ်ပယ်များကို ဖော်ထုတ်နိုင်ရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့တုံ့ပြန်ချက်များ ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ တယ်လီနော မြန်မာ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် Mr. Hans Martin Hoegh Heinrichsen ၊ Myanmar Centre for Responsible Business မှ ဒါရိုက်တာ Vicky Bowman ၊ ကိုကာကိုလာမှ ပြည်သူ့ရေးရာနှင့် ဆက်ဆံရေး အရာရှိချုပ် Mr.Alexander Sandy Chapman နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အမှာစကားပြောကြားခဲ့ပါသည်။ ကော်မရှင် ဥက္ကဋ္ဌပြောကြား ခဲ့သည့် အမှာစကားမှာ-

ကော်မရှင်သည် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို မှန်ကန်သော အရပ်မျက်နှာ၊ မှန်ကန်သောလမ်းကြောင်း အပေါ် ရောက်ရှိရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်း အားထုတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ထိခိုက်နစ်နာ ဆုံးရှုံးစေမှုကို အကာအကွယ်ပေးခြင်း၊ ခိုင်လုံသောအထောက်အထားရှိသည်ဟု ကော်မရှင်ကယုံကြည် နိုင်သော ကျော်စောသတင်းရှိလျှင် စုံစမ်းစစ်ဆေးခွင့်ရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ ဖြောင့်မတ်တည်ကြည်မှု(Business Integrity)အတွက်အမိန့်ထုတ်ပြန်ခွင့်ရှိခြင်း၊ ဖြောင့်မတ် တည်ကြည်မှု ပညာပေးလုပ်ငန်း ( Integrity Education) ကို မူလတန်းမှ စတင်သင်ကြားနိုင်ခြင်း အစရှိသည့် ပြဋ္ဌာန်းချက်များပါဝင်သော စတုတ္တအကြိမ် ပြင်ဆင်ချက် ဥပဒေအား ဇွန်လ(၂၁)ရက် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ ပါကြောင်း၊

ကြီးမားသော အဂတိလိုက်စားမှုများသည် အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများအကြားတွင် များသောအားဖြင့် ဖြစ်ပွားလေ့ရှိသော အဂတိလိုက်စားမှု အတန်းအစားဖြစ်ပြီး ယင်းအဂတိလိုက်စားမှုများကို တားဆီးကာကွယ် ရာတွင်လည်း အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ “အဂတိလိုက်စားမှု ကို ဆန့်ကျင်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများဖြင့်ပင် တားဆီးကာကွယ်ရမည်” ဖြစ်ကြောင်း၊ ဤချဉ်းကပ်နည်းကသာ လူအများအပြားအပေါ် ထိခိုက်နာကျင်မှုအနည်းဆုံးနှင့် အဂတိလိုက်စားမှု ပြဿနာကို ဆောလျင်စွာ တားဆီး ကာကွယ်နိုင်သော အသင့်တော်ဆုံး နည်းလမ်းဖြစ်မည်ဟု ယုံကြည်ကြောင်း၊

အစိုးရဌာနဆိုင်ရာများ အပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဘက်မှ ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဘက်တွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အတူလက်တွဲဆောင်ရွက်ရေး (Public - Private Collaboration against Corruption) မူဘောင်ကို အကောင်အထည် ဖော်သွားမည့် မဟာဗျုဟာ စီမံချက်ကို ရေးဆွဲခဲ့ပြီး နိုင်ငံတော်သမ္မတရုံးသို့တင်ပြ၍ ခွင့်ပြုချက်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်အများစုသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ၎င်းတို့စီးပွားရေးလုပ်ငန်းများ လုံခြုံရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်ရေးတို့အတွက် အဂတိလိုက်စားမှုကို စုပေါင်းအားဖြင့် လျော့ချရန်ဆန္ဒပြင်းပြနေကြသည်ကို တွေ့ရှိခံစားရ ပါကြောင်း၊ထို့ကြောင့်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI)၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့တို့၏ သဘောတူညီချက်အရ ကော်မရှင်က ပုဂ္ဂလိက လုပ်ငန်းများ အလိုက် ရေးဆွဲလိုက်နာသင့်သည့် (COC) ကျင့်ဝတ်မူဘောင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂၀၁၈ ဖြင့်ထုတ်ပြန် နိုင်ခဲ့ပါကြောင်း။

စီးပွားရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရန် အဓိကလိုအပ်ချက်မှာ အဂတိလိုက်စားမှု လျော့ချရန် ဆန္ဒပြင်းပြနေသော ခေါင်းဆောင်မှုနှင့် ထိပ်ပိုင်းစီမံခန့်ခွဲရေး၏ စွမ်းရည်ရှိမှုတို့ ပင်ဖြစ်ကြောင်း၊ မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များသည် မိမိတို့၏ဝန်ထမ်းအားလုံးသာမက မိမိတို့နှင့်အတူ စီးပွားဘက်အဖြစ် လုပ်ကိုင်နေကြသော အစုစပ်အဖွဲ့များ၊ကန်ထရိုက်တာများ၊ ထောက်ပံ့ပေးသွင်းသူများအထိ ရောက်ရှိ လိုက်နာစေရမည်ဖြစ်ပါကြောင်း၊ ဤနည်းဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များဘက်က ထိန်းညှိပေးနိုင်မည်ဖြစ်သလို အစိုးရဌာနများအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ကိုလည်း နိုင်ငံတော်အစိုးရက နည်းလမ်းတကျ ကိုင်တွယ် ထိန်းကျောင်းနိုင်ရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းများသည် မိမိတို့သန္နိဋ္ဌာန်ပြုထားပြီးဖြစ်သည့်အတိုင်း မိမိတို့လုပ်ငန်း များ၏ ပွင်းလင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ တာဝန်ယူ တာဝန်ခံမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို စောင့်ထိန်း လိုက်နာသည့်အနေဖြင့် ယနေ့မြန်မာနိုင်ငံတဝန်းလုံးနှင့် နိုင်ငံတကာနယ်ပယ်တွင် ကျယ်ပြန့်စွာ တိုက်ဖျက်နေကြသည့် အဂတိလိုက်စားမှုကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန်အလို့ငှာ ကျင့်ဝတ်များကို ဆောလျင်စွာရေးဆွဲပြီး လိုက်နာကျင့်သုံးသွားကြပါရန် မေတ္တာရပ်ခံပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းနိုင်ခြေရှိမှု၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းများ၏ ရေရှည်အကျိုးစီးပွား ထိခိုက်နိုင်မှုနှင့် အရည်အသွေး ကျဆင်းနိုင်ခြေရှိမှု၊ မလိုလားအပ်သော ကုန်ကျစရိတ်များ ဖိစီးလာနိုင်ခြေရှိမှု၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဂုဏ်သိက္ခာ၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ဂုဏ်သိက္ခာ ကျဆင်းနိုင်ခြေရှိမှု အစရှိသည့် စွန့်စားမှုများစွာတို့ကို အသေအချာသတိပြုရှောင်ရှားပြီး စိတ်အေးချမ်းသာစွာဖြင့် အတ္တပရမျှတသော အကျိုး စီးပွားများကို ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Same In Category

Related Blogs By Tags