- အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ အတူလက်တွဲကြိုးပမ်းစို့

Published In: ပညာပေးဆွေးနွေးမှု Created Date: 2018-06-22 Hits: 776

၂၀၀၃ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအများ သဘောတူ အတည်ပြုခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း ( United Nations Convention against Corruption ) က ၂၀၁၈    ခုနှစ်မှာ (၁၅)နှစ် သက်တမ်းအတွင်း ရောက်လာပြီဖြစ်ပါတယ်။ ကွန်ဗင်းရှင်း (၁၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၃-၅-၂၀၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးရောက်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၁၅)နှစ် မတိုင်ခင်က ယခုလိုမျိုး အဂတိလိုက်စားမှုအပေါ် တကမ္ဘာလုံးလွှမ်းခြုံနိုင်တဲ့ စာချုပ်စာတမ်းမျိုး မရှိခဲ့ပါဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းက ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများကို အဂတိလိုက်စားမှု တိုက်ဖျက်ဖို့နဲ့ တားဆီးကာကွယ်ဖို့ ကိစ္စများမှာ ပူးပေါင်း ဆောင်ရွက်ကြဘို့ ပြဌာန်းချက်များ ချမှတ်ပေးထားခြင်း ဖြစ်ပါတယ်။ အဂတိလိုက်စားမှုက အခြားသော ပုံစံမျိုးစုံနဲ့ ပြစ်မှုများကိုပါ ဖြစ်ပေါ် အားပေးစေနိုင်တဲ့အတွက် ယခုကွန်ဗင်းရှင်းသည် နိုင်ငံဖြတ်ကျော် အုပ်စုလိုက် ပြစ်မှုများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပြင် အခြားသော မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာ စာချုပ်စာတမ်းများကိုပါ ဖြည့်ဆည်းပေးတဲ့ စာချုပ်စာတမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် Law Enforcement လို့ခေါ်တဲ့ အရေးယူ အပြစ်ပေးနိုင်တဲ့ ဥပဒေများရှိရမှာဖြစ်သလို အခြားတစ်ဖက်မှာ ဖြစ်မှ အရေးယူ အပြစ်ပေးခြင်းထက် မဖြစ်အောင် ဘယ်လိုတားဆီးကာကွယ်မလဲ ဆိုတာကလည်း အရေးပါလှပါတယ်။ "ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်" ( Prevention is better than cure ) လို့ ဆေးပညာမှာရှိသလို အဂတိလိုက်စားမှုမှာလည်း ကြိုတင် တားဆီးကာကွယ်ခြင်းက အဂတိ လိုက်စားမှု ကျူးလွန်လို့ အပြစ်ပေးရခြင်းထက် ကောင်းတယ်ဆိုတာ မလွဲမသွေဖြစ်ပါတယ်။ အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရာမှာ နိုင်ငံအများအပြား ကျင့်သုံးနေကြတဲ့ ကရိယာ တန်ဆာပလာများအနက် အရိုးရှင်းဆုံး သမရိုးကျ နည်းလမ်းကတော့ အသိပညာပေးခြင်း နည်းလမ်း ဖြစ်ပါတယ်။

အသိပညာပေးခြင်းမှာလည်း နည်းလမ်း အသွယ်သွယ်ရှိပါတယ်။ ကိုယ်ကျင့်သိက္ခာရှိဘို့၊ မြင့်မားဘို့ အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ပညာပေး သင်ခန်းစာများကို ကျောင်းနေအရွယ် ကလေးများက စပြီး သင်ကြားပေးဘို့၊ မူလတန်းအရွယ်မှ တစ်ဆင့်ပြီးတစ်ဆင့် အထက်တန်းနှင့် တက္ကသိုလ်အဆင့် အထိ သင်ရိုးမြှင့်ပြီး သင်ကြားပေးဘို့နည်းလမ်း၊ နိုင်ငံ့ဝန်ထမ်းများကိုလည်း ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းဘို့၊ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှုများ ကင်းရှင်းဘို့ အသိပညာပေး ဟောပြောပွဲများ လုပ်ပေးတဲ့နည်းလမ်း၊ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများကိုလည်း ကျင့်ဝတ် စောင့်ထိန်းဘို့ အသိပညာပေးတဲ့ နည်းလမ်းများ ရှိပါတယ်။ အများပြည်သူက အဂတိလိုက်စားမှုကို လက်ခံခြင်း၊ သည်းခံခြင်း လုံးဝမလုပ်ဖို့လည်း သတင်းမီဒီယာများက တစ်ဆင့် အသိပညာပေးဘို့ လိုအပ်ပါတယ်။

ပညာရပ်ဆိုင်ရာမှာ ပိုပြီးနက်နဲတဲ့ တားဆီးကာကွယ်ရေး နည်းလမ်းက နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ပုဂ္ဂိုလ်များအနေနဲ့ မိမိရဲ့ပိုင်ဆိုင်မှုကို တရားဝင်ကြေငြာခြင်း ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုကြေငြာခြင်းက ပွင့်လင်း မြင်သာခြင်းဖြစ်ပြီး အဂတိလိုက်စားမှုကို ဖော်ထုတ်နိုင်တဲ့ နည်းလမ်းဘဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုက ကြေငြာယုံနဲ့ မပြီးဘဲ၊ အမြဲမပြတ် ကြီးကြပ်စစ်ဆေးနိုင်ဘို့လည်း လိုအပ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းမှုက အရေးပါပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာ ပြဌာန်းထားပြီးဖြစ်လို့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ အဆင့်ရောက်ပြီဖြစ်ကြောင်း အလျဉ်းသင့်၍ ဖော်ပြလိုက်ပါတယ်။

သမရိုးကျ တားဆီးကာကွယ်တဲ့ နည်းလမ်းများ မဟုတ်ဘဲ အဂတိလိုက်စားမှုကို တားဆီးကာကွယ်ဘို့ ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေး ကော်မရှင် (Anti-Corruption and Civil Rights Commission- အေစီအာရ်စီ) က ကျင့်သုံးလျက်ရှိတဲ့ အဂတိလိုက်စား နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ခြင်း  (Corruption Risk Assessment- စီအာရ်အေ) နည်းလမ်းကို မျှဝေလိုပါတယ်။

စီအာရ်အေကို တင်ပြခြင်းမပြုမီမှာ အေစီအာရ်စီနဲ့ အကျဉ်းမျှ မိတ်ဆက်ပေးလိုပါတယ်။ ကိုးရီးယားသမ္မတနိုင်ငံ မှာ အေစီအာရ်စီကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းရဲ့ လုပ်ငန်းတာဝန်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တိုင်ကြားမှုများကိုင်တွယ်ဖြေရှင်းရေး၊ အုပ်ချုပ်မှု အယူခံမှုများ လက်ခံ ဆောင်ရွက်ရေးနဲ့ ဖွဲ့စည်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်လျက် ရှိပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကြိုတင်တားဆီးကာကွယ်မှု နည်းလမ်းများ (Proactive measures) အနေနဲ့ သင်တန်းပေးခြင်း၊ ဖြောင့်မတ်တည်ကြည်မှု ဆန်းစစ်ခြင်း၊ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်ချမှတ်ခြင်းနဲ့ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ် သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ပြီး တုံ့ပြန် ဆောင်ရွက်မှု နည်းလမ်းများ (Reactive measures) မှာ အဂတိလိုက်စားမှု သတင်းပေးပို့မှုများကို ကိုင်တွယ်ခြင်း၊ ကျင့်ဝတ် ချိုးဖောက်မှုများကို ထောက်လှမ်းခြင်းနဲ့ သတင်းပေးပို့သူများကို အကာအကွယ်ပေးခြင်း/ ဆုငွေ ပေးခြင်းတို့ ပါဝင်ပါတယ်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နည်းလမ်းများထဲက အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ခြင်း (စီအာရ်အေ) နည်းလမ်းနဲ့ ကိုးရီးယားသမ္မတနိုင်ငံ အေစီအာရ်စီက အဂတိလိုက်စားမှု ကြိုတင် တားဆီးကာကွယ်ဘို့ လုပ်ကိုင်ဆောင်ရွက်မှုများကို အသိပေး ပြောပြလိုပါတယ်။ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ခြင်းကို နယ်ပယ် (၄) ရပ် ဖြစ်တဲ့ လိုက်နာမှု (Compliance)၊ အကောင်အထည်ဖော်မှု (Execution)၊ အုပ်ချုပ်မှုလုပ်ထုံးလုပ်နည်း (Administrative procedure) နဲ့ အဂတိလိုက်စားမှု ထိန်းချုပ်ခြင်း (Corruption control) တို့ မှာ ဆန်းစစ်သုံးသပ်မှု စံနှုန်းများ သတ်မှတ် ထားပါတယ်။ ၎င်းတို့ ကျင့်သုံးတဲ့ ဆန်းစစ်သုံးသပ်မှုစံနှုန်း(၁၁)ခု အနက် လိုက်နာမှု (Compliance)  အောက်တွင်စံနှုန်း (၃) ခု၊ အကောင်အထည်ဖော်မှု (Execution) အောက်တွင်စံနှုန်း (၃) ခု၊ အုပ်ချုပ်မှုလုပ်ထုံးလုပ်နည်း (Administrative procedure) အောက်တွင် စံနှုန်း(၃)ခုနဲ့ အဂတိလိုက်စားမှု ထိန်းချုပ်ခြင်း (Corruption control) အောက်တွင် စံနှုန်း (၂) ခုတို့ သတ်မှတ် ထားပါတယ်။

လိုက်နာမှုနယ်ပယ်မှာ ပထမစံနှုန်း ဖြစ်တဲ့ လိုက်နာဆောင်ရွက်ခြင်း အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းက ကျိုးကြောင်း လျော်ကန်မှု ရှိ-မရှိ (Rationality of the burden of compliance) စံနှုန်းနဲ့ ဆန်းစစ်ရာမှာ ဥပဒေအရ လိုအပ်သည့်တာဝန်များကို လိုက်နာရတဲ့ အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်ကျခံမှုက အခြား စပ်ဆိုင်သည့် ဥပဒေများနှင့် နှိုင်းယှဉ်ပြီး  ကျိုးကြောင်းလျော်ကန်မှု ရှိ-မရှိ သုံးသပ်ခြင်း ဖြစ်ပါတယ်။ ကုန်ကျစရိတ်က လိုအပ်တာထက်များနေရင် အဲဒီဝန်ထုပ်ဝန်ပိုးကို သက်သာအောင် ဖြစ်စေ၊ ရှောင်နိုင်အောင်ဖြစ်စေ လာဘ်ပေးပြီး ကြိုးပမ်းနိုင်တဲ့အတွက် ဆန်းစစ်ရမှာက မိမိတို့ စီမံခန့်ခွဲရေး ရည်မှန်းချက်ပြည့်မီဖို့ ဝန်ထုပ်ဝန်ပိုး တကယ်တမ်းလိုအပ်မှု ရှိ-မရှိ၊ ဝန်ထုပ်ဝန်ပိုးရဲ့ အတိုင်းအတာက စီမံခန့်ခွဲရေး ရည်မှန်းချက်ပြည့်မီဖို့ အနိမ့်ဆုံးလိုအပ်မှု ဖြစ်-မဖြစ်၊ဝန်ထုပ်ဝန်ပိုးကို လျှော့ချဘို့ ဖြစ်နိုင်-မဖြစ်နိုင် တို့ဖြစ်ပါတယ်။

ဒုတိယ ဖြစ်တဲ့ စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများက လုံလောက်မှုရှိခြင်း (Adequacy of sanctions) စံနှုန်းနဲ့ဆန်းစစ်ရာမှာ ဥပဒေ ချိုးဖောက်မှုအတွက် အရေးယူတဲ့ စည်းမျဉ်းစည်းကမ်းများရဲ့ အတိုင်းအတာက လိုအပ်သည်ထက် ပိုနေခြင်း သို့မဟုတ် လျော့နေခြင်းကို ဆန်းစစ်ဖို့ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းများက တင်းကြပ်လွန်းလျှင် လာဘ်ပေးပြီး ရှောင်နိုင်ကြမှာဖြစ်သလို အားပျော့လွန်းလျှင်လည်း ဥပဒေ လိုက်နာမှု လျော့နည်းသွားနိုင်ပါတယ်။

လိုက်နာမှု နယ်ပယ်အောက်မှာ တတိယစံနှုန်းက သီးခြားလူတစ်စုအတွက် အကျိုးခံစားခွင့်များ၊ မျက်နှာသာပေး ဆက်ဆံမှုများ ဖြစ်ထွန်းနိုင်ခြေရှိမှု (Possibility of preferential treatment) ဖြစ်ပါတယ်။ ဥပဒေများက မျက်နှာသာပေး ဆက်ဆံမှု ဖြစ်စေနိုင်ပါက လာဘ်ပေးခြင်း၊ တရားမဝင်ဆွဲဆောင် စည်းရုံးခြင်းများ ဖြစ်နိုင်ခြေရှိပါတယ်။ အထူး အခွင့်အရေး ပေးခြင်းမျိုးလည်း အကြုံးဝင်နိုင်ပါတယ်။

နောက်နယ်ပယ် တစ်ခုက အကောင်အထည်ဖော်မှု ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကျင့်သုံးနိုင်သည့် စည်းမျဉ်းစည်းကမ်းများ၏ ခိုင်မာမှုနှင့် ဓမ္မဓိဌာန်ကျမှု (Concreteness and objectiveness of discretionary regulations) စံနှုန်းနဲ့ ဆန်းစစ်ရာမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်များအား အခွင့်အာဏာကို ဥပဒေနှင့်အညီ သတ်မှတ်ပြီး ခိုင်မာမှုနဲ့ ဓမ္မဓိဌာန်ကျမှုရှိတဲ့ ပြဌာန်းချက်များ ဖြစ်-မဖြစ်အပြင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ကျင့်သုံးခွင့် အာဏာကို အလွန်အကျူး သုံးစွဲခြင်းအပေါ် တားဆီးကာကွယ်တဲ့ ထိန်းချုပ်ရေး ယန္တရား ရှိ-မရှိ ဆန်းစစ်ဖို့ဖြစ်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အာဏာပေးရခြင်းက ရှောင်လွှဲမရနိုင်ပေမဲ့ အဆိုပါ လုပ်ပိုင်ခွင့်အာဏာက တိကျခိုင်မာမှုနဲ့ ဓမ္မဓိဌာန်မကျရင်တော့ အာဏာပိုင်အနေနဲ့ အလွဲသုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။

ယခုနယ်ပယ်ရဲ့ ဒုတိယစံနှုန်းက ယုံကြည်မှုနှင့် တာဝန်ပေးအပ်မှု၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု (Transparency and accountability of entrustment or commission) ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက်များက ယုံကြည်မှု၊ တာဝန်ပေးအပ်မှုတို့နဲ့ ပတ်သက်ပြီး ရှင်းလင်းမှုမရှိလျှင် တရားမဝင် ဆွဲဆောင်စည်းရုံးမှု၊ အငြင်းပွားဘွယ် ကိုင်တွယ်မှုများကို ဖြစ်စေနိုင်တဲ့ အတွက် ယုံကြည်မှုနဲ့ တာဝန်ပေးအပ်မှုတို့ကို ခိုင်ခိုင်မာမာနဲ့ ရှင်းရှင်းလင်းလင်း ပြဌာန်းထားဘို့ လိုအပ်ပြီး သင့်လျော်တဲ့ စီမံခန့်ခွဲမှုနဲ့ စောင့်ကြည့်ကြပ်မတ်မှု ရှိဘို့လည်းလိုအပ်မှာ ဖြစ်ပါတယ်။

တတိယစံနှုန်းက ဘတ်ဂျက်လေလွင့်မှု ဖြစ်နိုင်ခြေ (Possibility of budget leakage) ဆန်းစစ်ခြင်းဖြစ်ပါတယ်။ ငွေကြေးပံ့ပိုးမှုများက မတူညီတဲ့ ဥပဒေများကပေးတဲ့ အခြားအကူအညီ များနဲ့ ထပ်သွားနိုင်တဲ့အတွက် မရှင်းလင်းတဲ့ ထောက်ပံ့မှု စံများကြောင့် ဘတ်ဂျက်လေလွင့်မှု၊ ယိုဖိတ်မှု ရှိနိုင်တော့ ယင်းကို တားဆီးကာကွယ်ဘို့ စောင့်ကြည့်ကြပ်မတ်မှု ယန္တရားရှိ-မရှိ ဆန်းစစ်ဖို့ ဖြစ်ပါတယ်။ ငွေကြေးအထောက်အပံ့ အစီအစဉ်များ၏ အရွယ်အစားနဲ့ အတိုင်းအတာက နှစ်စဉ် တိုးတက်နေတဲ့အပြင် အခွန်လျှော့ခြင်းကဲ့သို့ ကူညီမှုများကလည်း အမျိုးအစား ကွဲပြားခြားနား ကြတဲ့အတွက် ငွေကြေးအထောက်အပံ့က နှစ်ခါထပ်နေတာမျိုးဖြစ်စေ၊ သေချာမှုမရှိတဲ့ စံများကြောင့်ဖြစ်စေ ဘတ်ဂျက် လေလွင့်ဆုံးရှုံးနိုင်ပါတယ်။ ဒါကိုလည်း ဆန်းစစ်မှုစံနှုန်းအဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။

တတိယခေါင်းစဉ်က စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများဖြစ်ပြီး စံနှုန်း(၃) ခု ပါဝင်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများကို အလွယ်တကူ လက်လှမ်းမှီနိုင်မှု ရှိ-မရှိ (Accessibility) အပေါ် သက်ဆိုင်သူများအား ပေါ်လစီချမှတ်မှုမှာ မိမိတို့ရဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော် တင်ပြခွင့် လုံလောက်တဲ့ အခွင့်အလမ်းများ ပေးထားခြင်းရှိ-မရှိ၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ်မျိုး ဟုတ်-မဟုတ် ဆန်းစစ်ရန်ဖြစ်ပါတယ်။ လူထု ပါဝင်ဆောင်ရွက်မှုရှိခြင်းက စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာခြင်းကို ဖော်ဆောင်ပါတယ်။ ထိုသို့ လူထုပါဝင်ဆောင်ရွက်မှု အခွင့်အလမ်းများ ပေးမထားရင် အုပ်ချုပ်ရေး အဖွဲ့အစည်းအနေနဲ့ မိမိမှန်ကန်ကြောင်း အကြောင်းပြချက် ရှိဘို့ လိုအပ်မှာဖြစ်ပါတယ်။

ဒုတိယစံနှုန်းကတော့ ဖုံးကွယ်ထားမှု မရှိဘဲ ထုတ်ဖော်ချပြခြင်း (Openness) ဖြစ်ပါတယ်။ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အရည်အသွေးရှိတဲ့ သတင်းအချက်အလက်များကို အများပြည်သူ နဲ့ ပါဝင် သက်ဆိုင်သူများအား ဖုံးကွယ်မထားဘဲ ထုတ်ဖော်ချပြခြင်း ရှိ-မရှိ ဆန်းစစ်ခြင်းဖြစ်ပြီး အထက်က စံနှုန်းနဲ့ အနည်းငယ်သာ ကွာခြားတာတွေ့ရမှာပါ။ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများကို ပါဝင်သက်ဆိုင်သူများက အလွယ်တကူ လက်လှမ်းမှီနိုင်မှုက သတင်းအချက်အလက်များကို ဖုံးကွယ်မထားဘဲ ထုတ်ဖော်ချပြမှု ရှိဘို့ ဆိုလိုတာပါ။

တတိယ စံနှုန်းဖြစ်တဲ့ ကြိုတင်ခန့်မှန်းနိုင်မှု (Predictability) မှာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနဲ့ ရလာဒ်များကို ကြိုတင်ခန့်မှန်းနိုင်ပြီး သင့်လျှော်သည့် တုံ့ပြန်မှုစနစ်တစ်ခု ကြိုတင်ပြင်ဆင်ထားခြင်း ရှိ-မရှိ  ဆန်းစစ်ခြင်းဖြစ်ပါတယ်။ ဥပဒေများမှာ ကြိုတင်ခန့်မှန်းနိုင်မှု နည်းပါးခြင်းက ဓမ္မဓိဌာန်ကျမှုနဲ့ ပွင့်လင်းမြင်သာမှုတို့ကို လျော့နည်းစေနိုင်တဲ့အတွက် အဂတိလိုက်စားမှု ပေါ်ပေါက်စေနိုင်တော့ ဥပဒေတစ်ရပ်မှာ စာရွက်စာတမ်းလိုအပ်ချက်၊ စိစစ်ဆောင်ရွက်ရန် ကြာမြင့်ချိန်၊ တိုင်ကြားနိုင်သည့် လုပ်ထုံးလုပ်နည်း တို့ကို ဖော်ပြထားဘို့ လိုအပ်သလို နားလည်လွယ်တဲ့ ဘာသာစကား အရေးအသား ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ အစိုးရဌာနများနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များမှာ ကြိုတင်တွက်ဆနိုင်တဲ့ နည်းလမ်းများရှိဘို့ ဆိုလိုခြင်းပါ။

စတုတ္ထနဲ့ နောက်ဆုံးနယ်ပယ် ဖြစ်တဲ့ အဂတိလိုက်စားမှု ထိန်းချုပ်ခြင်းမှာတော့ အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်မှု (Possibility of conflict of interest) စံနှုန်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးယန္တရား၏ ခွန်အားရှိမှု (Robustness of anti-corruption mechanisms) စံနှုန်းများ ပါဝင်ပါတယ်။ အကျိုးစီးပွား ပဋိပက္ခမဖြစ်အောင် တားဆီးကာကွယ်မှု လုပ်ထုံးလုပ်နည်း၊ ပြစ်ဒဏ်များရှိ-မရှိ ဆန်းစစ်ရာမှာ အများပြည်သူ အကျိုးစီးပွားထက် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ရှေ့တန်းတင် ထားခြင်းမျိုးက အဂတိလိုက်စားမှု ဖြစ်စေနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အကျိုးစီးပွား ပဋိပက္ခဖြစ်မှု မရှိအောင် ဥပမာအားဖြင့် ပြဿနာတစ်ရပ်က ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အဖွဲ့မှာပါဝင်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပုဂ္ဂလိက အကျိုးစီးပွားနဲ့ ဆက်နွယ်နေရင် ယင်းပုဂ္ဂိုလ်ကို အဖွဲ့မှာ မပါဝင်စေဘဲ ဖယ်ထား ရပါမယ်။

နောက်ဆုံး (၁၁)ခုမြောက် စံနှုန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ယန္တရား၏ ခွန်အားရှိမှု ဆန်းစစ်ခြင်းဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ယန္တရားများ ကျင့်သုံးရန် သို့မဟုတ် အဂတိလိုက်စားမှု ဥပဒေစည်းမျဉ်းများ ကျင့်သုံးရန် လိုအပ်-မလိုအပ် ဆန်းစစ်ခြင်းမှာ မိမိတို့အဖွဲ့ အစည်းများအတွင်း ၀န်ထမ်းများက ကိုယ်ပိုင် အကဲဖြတ်သုံးသပ်မှု ပြုလုပ်ပြီး ကိုယ်ကျင့်သိက္ခာရှိမှု မြှင့်တင်ရန် နည်းလမ်းများကို မိမိသဘောအလျောက် လိုလားစွာ ဆောင်ရွက်ဖို့ တိုက်တွန်းအားပေးဘို့ ရည်ရွယ် ခြင်းဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ယန္တရား ခွန်အားရှိခြင်းက သက်ဆိုင်ရာ ဝန်ထမ်းများ မိမိကိုယ်ကို မိမိဆန်းစစ်ပြီး မိမိသဘောအလျောက် လိုလိုလားလားနဲ့ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင် လုပ်ဆောင်သွားကြခြင်း မလွှဲဧကန်ပါ။ ယခု (၁၁) ခုမြောက်စံနှုန်း ကိုတော့ အထက်ကစံနှုန်း(၁၀) ခု နဲ့မ၀င်မှအသုံးပြုတယ်လို့ သိရပါတယ်။

အထက်တင်ပြခဲ့သည်များက ကိုရီးယားသမ္မတနိုင်ငံ အေစီအာရ်စီ အဖွဲ့အစည်းရဲ့ စီအာရ်အေ လို့ခေါ်တဲ့ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုကို လေ့လာဆန်းစစ်ရာမှာ အသုံးပြုတဲ့ စံနှုန်းများ ဖြစ်ကြပါတယ်။ ခြုံငုံ သုံးသပ်ကြည့်မည်ဆိုလျှင် ပြဌာန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအပေါ် နယ်ပယ် (၄) ရပ် အောက်ရှိ စံနှုန်းများနဲ့ လေ့လာဆန်းစစ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းမှာ အဂတိလိုက်စားနိုင်ခြေရှိတဲ့ ဟာကွက်၊ ပျော့ကွက်များကို ပြင်ဆင်ပေးပြီး အဂတိလိုက်စားမှု မဖြစ်အောင် ကြိုတင် တားဆီးကာကွယ်တာ ဖြစ်ကြောင်း တွေ့ရပါတယ်။ စံနှုန်းများ ချမှတ်ပေးထားတဲ့အတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဥပဒေပညာရှင်များ မဟုတ်သော်လည်း ဆန်းစစ်မှုကို လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။ အေစီအာရ်စီမှာ ယင်းကိစ္စကို တာဝန်ယူဆောင်ရွက်တဲ့ ဌာနတစ်ခုရှိပြီး အရာထမ်း (၃၀)  ဦးခန့်နဲ့ လုပ်ငန်းလည်ပတ်နိုင်ကြောင်းလည်း သိရပါတယ်။

မိမိတို့နိုင်ငံ အနေနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ယင်းကဲ့သို့ ဆန်းစစ်မှု မျိုးဖြင့် ချဉ်းကပ်နည်းလမ်းကို စတင်အသုံးပြုနိုင်ပါက၊ တစ်ချိန်တည်းမှာ အဂတိလိုက်စားမှု မဖြစ်မီ ကြိုတင် ကာကွယ်ရာလည်းရောက်ပြီး ရှိပြီးဥပဒေစည်းမျဉ်းစည်းကမ်းကို ပိုကောင်းအောင် ပြင်ဆင်ပေးရာလည်း ရောက်မယ်လို့ ယူဆပါတယ်။ အေစီအာရ်စီက အသုံးပြုနေတဲ့ စံနှုန်း(၁၁)ခုလုံး  မဟုတ်ဘဲ ယင်းတို့အပေါ် မိမိနိုင်ငံ ဥပဒေစနစ်၊ ယဉ်ကျေးမှုစနစ်နဲ့ အဂတိလိုက်စားမှု နောက်ခံ အချက်အလက်များနဲ့ ကိုက်ညီပြီး ပိုပြီး ကျစ်လျစ်မဲ့ စံနှုန်းများ စဉ်းစား ရွေးချယ်ပြီး ကျင့်သုံးနိုင်ပါတယ်။ နယ်ပယ် (၄) ရပ် အထိထား ရှိဘို့ လို-မလို လည်း စဉ်းစားသင့်ပါတယ်။ သို့ပေမဲ့ အသုံးပြုသူအတွက်လွယ်ကူစေမဲ့ user-friendly ဖြစ်ဖို့ တော့ လိုပါမယ်။

RISKလို့ပြောရင် high- risk ၊ low- risk ရှိကြတာဖြစ်လို့ အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ အနေနဲ့ မိမိဌာနရဲ့ risk area ကို မိမိတို့ က ပိုပြီး သိရှိထားပြီးဖြစ်မှာပါ။ မိမိတို့ ဌာနအဖွဲ့အစည်းက စီမံခန့်ခွဲတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်တော့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း များမှာ ရှိနေတဲ့ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိတဲ့ ပြဌာန်းချက် ဟာကွက်၊ ပျော့ကွက်များကို စံနှုန်းများ အသုံးပြုပြီး ဖော်ထုတ်ဖို့လိုပါတယ်။

အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်းနည်းလမ်းနဲ့ အဂတိလိုက်စားမှုကို ကြိုတင် တားဆီးကာကွယ်နိုင်ဖို့ ကိစ္စက သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နဲ့ နိုင်ငံရဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ်တို့ အပြင် အများပြည်သူပါပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးဌာန အဖွဲ့အစည်းများ အနေနဲ့ စံနှုန်းများ အသုံးပြုပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများရဲ့ ဟာကွက်များကို ဆန်းစစ်ရာမှာလည်း ပြည်သူလူထုသို့ ပွင့်လင်းစွာချပြခြင်း၊ ပြည်သူလူထုရဲ့ ထင်မြင် ယူဆချက် ရယူဆောင်ရွက်ခြင်းတို့ လုပ်ဖို့လိုအပ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆(ဈ) နဲ့အညီ အစိုးရ ဌာနအဖွဲ့အစည်းများက လုပ်ငန်းအစီအစဉ်များ၊ စီမံချက်များရေးဆွဲရာမှာ အကြံဉာဏ်များ ပေးနိုင်မှာဖြစ်ပါတယ်။ သို့မှသာ အဂတိလိုက်စားမှုကို အတူလက်တွဲပြီး တားဆီးကာကွယ်ရာ ရောက်မှာ ဖြစ်ကြောင်း နိဂုံးချုပ်အပ်ပါတယ်။

Same In Category

Related Blogs By Tags