နောက်ခံသမိုင်း

၁။ ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်ဘေးဒဏ်သင်‌့မှုကြောင့် ပြည်သူလူထုများကို ထောက်ပံ့ ရေးပစ္စည်းများဖြင့် ထောက်ပံ့ခဲ့ရာ၌ ခိုးယူခြင်း၊ အဂတိလိုက်စားခြင်းများမှ တားဆီးနိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှကာကွယ်သည်‌့ကော်မတီ (Civil Supplies Thefts Preventive Committee)ကို ၂၃-၁၂-၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးကော်မတီ (Public Property Protection Committee)နှင်‌့ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police-P4) တို့ကို ခန့်အပ်ပြီး စုံစမ်းစစ်ဆေးရေးများကို ဆောင်ရွက်စေခဲ့ပါသည်။ ၎င်းအဖွဲ့သည် ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်‌့ ပြစ်မှုဆိုင်ရာဥပဒေ အခန်း(၉) ပုဒ်မ ၁၆၁ မှ ၁၆၅ အထိတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်မှု များကို အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

၂။ အဂတိလိုက်စားမှုများကို ပိုမိုထိရောက်စွာ တားမြစ်နိုင်ရေးအတွက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပါသည်။ ၄င်းဥပဒေတွင် ပုဒ်မ (၆)ခု ပါရှိပြီး၊ ဥပဒေပြင်ဆင်ချက် (၄)ကြိမ် ထုတ်ပြန် ပြင်ဆင်ခဲ့ပါသည်။ အဆိုပါ အက်ဥပဒေ ပုဒ်မ ၄(၁) အရ ပြည်သူ့ဝန်ထမ်းများအနေဖြင့် အောက်ပါတို့ကို ပြုလုပ်ပါက ယင်းဥပဒေ ပုဒ်မ ၄(၂) အရ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံရမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ပါသည် -

(က)     မည်သူ့ထံမှမဆို တရားဝင်ခံစားခွင့်များမှအပ တံစိုးလက်ဆောင်များ အမြဲတစေ လက်ခံခြင်း၊

(ခ )      မိမိဆောင်ရွက်မှု သို့မဟုတ် အထက်အရာရှိ၏ ဆောင်ရွက်ပေးမှုအတွက် မိမိအ တွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးအတွက်သော်လည်းကောင်း အဖိုးတန် ပစ္စည်းများ လက်ခံရယူခြင်း၊

(ဂ )      မိမိရာထူးကို အလွဲသုံးစားပြု၍ အဖိုးတန်ပစ္စည်းကိုလည်းကောင်း၊ ငွေကြေးကို လည်းကောင်း လက်ခံရယူခြင်း၊

(ဃ)     မိမိထံယုံကြည်အပ်နှံထားသော ပြည်သူပိုင်ပစ္စည်းများအား လိမ်လည် အလွဲ သုံးစားပြုခြင်း။   

၃။ ၁၉၅၁ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေး ဌာနအက်ဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အစိုးရဝန်ကြီးချုပ်၏ တိုက်ရိုက် ကွပ်ကဲမှုအောက်၌ ဝန်ထမ်း (၃၁၅)ဦးဖြင့် ဖွဲ့စည်းထားရှိခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်‌ေရးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှု အောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ၁၉၇၂ခုနှစ်တွင် အထူးစုံစမ်းစစ်ဆေး ရေးဌာနအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။

၄။ အစိုးရအဆက်ဆက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့သော်လည်း ပပျောက်သွားခြင်းမရှိသည့်အပြင် တာဝန်ရှိဝန်ထမ်းအချို့သည်‌ မိမိ ဂုဏ်သိက္ခာ၊ ဝန်ထမ်းဂုဏ်သိက္ခာ၊ နိုင်ငံတော်ဂုဏ်သိက္ခာ စသည်တို့ကို မျက်ကွယ်ပြုကာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်လာကြသဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ယဥ်ကျေးမှုတစ်ခုသဖွယ် ကြီးမားကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ အခွင့်အာဏာ အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် တာဝန်ထမ်းဆောင်ရန် တမင် ပျက်ကွက်မှု များမှာ အဂတိလိုက်စားမှုများဖြစ်၍ အများပြည်သူစိတ်ဝင်စားသည်‌့ ကိစ္စရပ်လည်းဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် အုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးကို အဓိကထိခိုက်ပြီး နိုင်ငံများအတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားများကို ပျက်စီးစေသည်‌့အပြင် နိုင်ငံတကာသို့လည်း ကူးစက်ပျံ့နှံ့စေနိုင်သည်‌့ စိုးရိမ်ဖွယ် ပြဿနာတစ်ရပ်လည်း ဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် စီးပွားရေး လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဂတိလိုက်စားမှုများသည်လည်း သွင်ပြင် လက္ခဏာ အမျိုးမျိုးဖြင့် ပြောင်းလဲကြီးထွားလာပြီး အဂတိလိုက်စားမှုများကို အုပ်စုဖွဲ့၍လည်းကောင်း၊ နိုင်ငံဖြတ်ကျော်၍လည်းကောင်း ကျူးလွန်လာကြသည်ကို တွေ့ရှိရပါသည်။ မိမိနိုင်ငံ အတွင်းတွင် လည်းကောင်း၊ ပြည်ပနိုင်ငံများနှင့် ဆက်နွယ်၍လည်းကောင်း ကျူးလွန်လာကြသဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍ မရနိုင်ကြောင်းကိုလည်း လေ့လာ တွေ့ရှိရပါသည်။

၅။ ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုများအား စောင့်ကြည့်အကဲဖြတ်လျက်ရှိသည်‌့ NGO အဖွဲ့ဖြစ်သော နိုင်ငံတကာပွင့်လင်း မြင််သာမှုရှိရေးအဖွဲ့ (Transpraency International) မှ ထုတ်ပြန်ခဲ့သည်‌့ အဂတိလိုက်စားမှုနှင့် ပတ်သက်သည်‌့ အညွှန်းကိန်း (Corruption Perception Index-CPI) အရ  ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၂)နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံအား အဆင့် (၁၈၀)အဖြစ် သတ်မှတ်ထားရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် အဆင့် (၁၄၇) သို့ ရောက်ရှိ လာကြောင်းတွေ့ရှိရပါသည်။ ယနေ့ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်လျက်ရှိရာ အဂတိလိုက်စားမှုထင်မြင်ချက်အညွှန်းကိန်း ကျဆင်းလာ စေရေးအတွက် အထူးအလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ အရေးယူဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၆။ လာဘ်ပေးလာဘ်ယူမှုအရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း   ။ လာဘ်ပေး လာဘ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ၈-၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၁၃ ဖြင့် "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကို ဖွဲ့စည်းခဲ့ပါသည်။

၇။ တိုင်ကြားစာလက်ခံခြင်းနှင့် စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း။         လူတစ်ဦးချင်း အလိုက်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ အဂတိလိုက်စားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများကို တိုင်ကြားနိုင်ပါသည်။ တိုင်ကြားစာများကို စိစစ်ပြီးနောက် ဌာနဆိုင်ရာ အရေးယူမှုပြုလုပ်ရမည်‌့ တိုင်စာများကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးပြီး၊ အရေးယူရန် မလိုအပ်သောတိုင်စာများကို မှတ်တမ်းတင်၍ ဖိုင်တွဲထားပါသည်။ အရေးယူရန်လိုအပ်သော တိုင်စာများကို အထက်အဖွဲ့အစည်း များထံ တင်ပြ၍ စုံစမ်းစစ်ဆေးမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက် သကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါသည်။

၈။ တိုင်ကြားချက်များ မှန်ကန်ြခင်း ရှိ/မရှိကို ပဏာမစုံစမ်း စစ်ဆေးခြင်း ပြုလုပ်၍ စိစစ်ပြီး စစ်ဆေးတွေ့ရှိချက်များအရ အသေးစိတ်စုံစမ်းစစ်ဆေးရန် လိုအပ်ပါက အဓိကစုံစမ်းစစ်ဆေးခြင်းကို ဆောင်ရွက်ပါသည်။ စစ်ဆေးချက်များအရ လိုအပ်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ပါသည်။ လိမ်လည်တိုင်ကြားသည်ကို တွေ့ရှိပါက လိမ်လည်တိုင်ကြားသူအား ဥပဒေကြောင်းအရ အရေးယူပါသည်။

ခေတ်မီသော ဥပဒေသစ်တစ်ရပ် ပေါ်ထွန်းလာရေး ကြိုးစားဆောင်ရွက်မှု

၉။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေ အာဏာတည် နေသော်လည်း ၎င်းဥပဒေ၌ ပြစ်မှုအမျိုးအစားနှင့် အရေးယူမှုအပိုင်းသာ ပါဝင်ပြီး နိုင်ငံတကာ စံနှုန်း များနှင့် အပြည်‌့အဝ ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ အဂတိလိုက်စားမှုများကို တားဆီးနှိမ်နှင်းရန် လိုအပ်ကြောင်း နားလည် သဘောပေါက်သည်‌့အတွက် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသော ဥပဒေတစ်ရပ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ ပါသည်။ ၄င်းစံနှုန်းများတွင် အောက်ပါ ရည်မှန်းချက်များ ထားရှိခဲ့ပါသည်-

(က)     သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရေး၊

( ခ)      အဂတိလိုက်စားမှုအား ကြိုတင်ကာကွယ်ခြင်း၊

( ဂ)      ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ထုံးလုပ်နည်း၊

(ဃ)     နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊

( င)      နည်းပညာအကူအညီရရှိရေးနှင့် သတင်းဖလှယ်ရေးတို့ ပါဝင်ပါသည်။

၁၀။ သို့ဖြစ်၍ (UNCAC) ပြဋ္ဌာန်းချက်ပါ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော ဥပဒေ တစ်ရပ် ပြင်ဆင်ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စတင်ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှတဆင့် ရှေ့နေချုပ်ရုံးသို့ စိစစ်အကြံပြုနိုင်ရန် ပေးပို့တင်ပြခဲ့ပါသည်။ သက်ဆိုင်ရာ လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ရေးဆွဲထားသော လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးဥပဒေ မူကြမ်းကို လွှတ်တော်သို့ တင်သွင်း၍ နေ့စဥ်ထုတ်သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

၁၁။ လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးဥပဒေအား လွှတ်တော်တွင် အကြိမ်ကြိမ် ဆွေးနွေး ပြီး ၇-၈-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်-၂၃ ဖြင်‌့ ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတက ၁၇-၉-၂၀၁၃ ရက်နေ့တွင် အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သဖြင်‌့ အာဏာတည်ခဲ့ ပါသည်။ အဆိုပါ ဥပဒေတွင် အောက်ပါ အခန်း(၁၁)ခန်း၊ ပုဒ်မပေါင်း (၇၃)ခု ပါရှိပါသည် -

(က)   အခန်း(၁)        အမည်၊ စတင်အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ပာယ် ဖော်ပြချက်များ

(ခ )    အခန်း(၂)        ရည်ရွယ်ချက်များ

(ဂ )    အခန်း(၃)        ကော်မရှင်ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင်‌့များ

(ဃ)   အခန်း(၄)        အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ပိုင်ဆိုင် သည်‌့ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဥ်း၍ ပဏာမစိစစ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ

(င )    အခန်း(၅)        စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့်ယင်း၏လုပ်ငန်းတာဝန်များ

(စ )    အခန်း(၆)        ကော်မရှင်ရုံး ဖွဲ့စည်းခြင်း

(ဆ)    အခန်း(၇)        အဂတိလိုက်စားမှုနှင့်စပ်လျဥ်း၍ သတင်းပေးဆောင်ရွက်ခြင်း၊ နိုင်ငံတော်သမ္မတ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ခြင်း၊

(ဇ )    အခန်း(၈)        လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည်‌့ ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့်စပ်လျဥ်း၍ ကြေညာခြင်း၊

(စျ )    အခန်း(၉)        အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည်‌့ ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊

(ည)   အခန်း(၁၀)      ပြစ်မှုနှင့်ပြစ်ဒဏ်များ

(ဋ )    အခန်း(၁၁)      အထွေထွေ

ကော်မရှင်ဖွဲ့စည်းခြင်း

၁၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်း ချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်) အား ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင်‌့ အဖွဲ့ဝင် (၁၃)ဦး၊ စုစုပေါင်း (၁၅) ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။